အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

တောင်ကုတ်တွင် အရက်သောက်အချင်းများရာမှ လူသတ်မှုဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1k

သဥ္ဇာနွယ်

နိရဥ္စရာ၊ စက်တင်ဘာ ၂၀/ ၂၀၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက် ပီးမိုးနင်းလမ်းတွင် အရက်သောက်အချင်းများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသောသူမှာ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက် ပီးမိုးနင်းလမ်းတွင်နေထိုင်သူ ဦးထွန်းဝင်းလှိုင် (၄၀ နှစ်)ဖြစ်ပြီး လူသတ်မှုကျူးလွန်သူမှာ မေပိုးဝါလမ်းတွင်နေထိုင်သူ ဦးဝင်းတင် (၅၀ နှစ်) ဖြစ်သည်။

၎င်းတို့သည် စက်တင်ဘာလ ၁၇ ရက် ည ၈ နာရီခွဲခန့်က အရက်သောက်အတူတူသောက်ကြရာမှ အချင်းများ၍ ဦးထွန်းဝင်းလှိုင်က ဦးဝင်းတင်အား အရိုး ၉ လက်မခန့်၊ အသွား ၁၁ လက်မခန့်၊ ဗြက် ၂ လက်မခွဲ့ခန့်ရှိ ဝါးရိုးတပ်ဓားမတစ်ချောင်းဖြင့်ခုတ်သည့်အတွက် ဦးဝင်းတင်က လုံးပတ် ၃ လက်မခွဲ့ခန့်၊ အရှည် ၃၀ လက်မခန့်ရှိ မန်းကျည်းကိုင်းသစ်သားတုတ်ဖြင့် ခုခံရိုက်နှက်ရာ ဦးထွန်းဝင်းလှိုင်သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အဲဒီနေ့ည ၉ နာခွဲ ဆေးရုံရောက်ပြီး ဒဏ်ရာပြင်းထန်တော့ ည ၁၁ နာရီလောက်မှာ ဆုံးသွားတာပါ။ ကျနော်တို့ရပ်ကွက်မှာ ကျနော်နေလာတဲ့တစ်လျှောက် ဒီလိုအဖြစ်မျိုး မကြုံဖူးဘူးဟု ချောင်းကောက်ရပ်ကွက် ရာအိမ်မှူးဦးသန့်ဇော်က နိရဥ္စရာကိုပြောသည်။

အခင်းဖြစ်ပွားစဉ် သေဆုံးသူ၏ဓားမှာပြုတ်ကျသွားသည့်အတွက် ၎င်း၏ဓားအား လူသတ်မှုကျူးလွန်သူက ကောက်ယူခုတ်ခဲ့သည့်အတွက် သေဆုံးသူတွင် ဦးခေါင်းနှင့် ဘယ်ဘက်လက်တို့၌ ပြတ်ရှဒဏ်ရာများရရှိကာ ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု သိရသည်။

ပြစ်မှုကျူးလွန်သူတွင် ဦးခေါင်းဝဲဘက် ၂ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံတွင် ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၂ ချက်ဖြင့် တောင်ကုတ်ဆေးရုံတွင် ဆေးကုသမှုခံနေရဟုလည်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား တောင်ကုတ်မြို့မရဲစခန်းတွင် လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ