ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မောင်တောတွင် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်တန်ဖိုးရှိ ရွှေချောင်းနှင့် ရွှေများဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်တန်ဖိုးရှိ ရွှေချောင်းနှင့် ရွှေများကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
မောင်တောမြို့၊ မြို့မ ကညင်တန်းရပ်ကွက်နေ ဂျာဟာမောရင်(ခ)မာမတ်ရီကရစ်(၃၂ နှစ်)၊ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း(ဘင်္ဂါလီ)ကျေးရွာနေ မာမောက်ဂျူနိုက်(၂၁ နှစ်)နှင့် အဏ္ဏဝါဆာဒတ်(၂၀ နှစ်)တို့သည် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီတွင် မောင်တောမြို့နယ် အောင်ဇေယျကျေးရွာအနီး မောင်တော-တောင်ပြိုကားလမ်းတွင် မော်တော်ယာဉ်တစ်စီးဖြင့်မောင်းနှင်လာခဲ့ကြောင်း သိရသည်။
၎င်းတို့စီးလာသော မော်တော်ယဉ်အား နယ်စပ်လုံခြုံရေးဆောင်ရွက်နေသည့်လုံခြုံရေးအဖွဲ့က စစ်ဆေးရာ အကယ်ဒမီ တံဆိပ်ပါ ၁၀ ကျပ်သားအခေါက်ရွှေ ၃၉ ချောင်း၊ ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ၂၈ ကျပ်သား၊ စုစုပေါင်း ရွှေ ၄ ပိဿာ ၁၈ ကျပ်သား (ကာလတန်ဖိုး ၈၁၉,၂၈၀,၀၀၀)နှင့် မြန်မာငွေသိန်း ၅၀ အားဖမ်းဆီးရမိကြောင်း ရခိုင်နေ့စဉ်သတင်း၏ဖော်ပြချက်အရ သိရသည်။
အဆိုပါရွှေတုံးများကို တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့ရန်လာစဉ် ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေတုံးများနှင့်အတူဖမ်းမိသူများကို ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည့် ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
ပြီးခဲ့သည့်သြဂုတ်လ ၁၅ ရက်ကလည်း မောင်တောမြို့ (၃)မိုင်စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ အကယ်ဒမီအခေါက်ရွှေချောင်း (၃၉) ချောင်းနှင့် ငွေသားသက်သက် ကျပ်သိန်း ၂၀၀၀ တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ