အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်မှ မူလတန်းပြကျောင်းဆရာတစ်ဦး KG ကျောင်းသူကို အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် ထောင် ၁ဝ နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 869

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၅/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာမှ မူလတန်းပြကျောင်းဆရာတစ်ဦးသည် (၇)နှစ်အရွယ် KG တန်းကျောင်းသူအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် ယနေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
ထောင်ချခံလိုက်ရသည့်ကျောင်းဆရာမှာ စိုင်းတုတ်ကျေးရွာမှ ကိုနိုင်ဦး (၂၂ နှစ်)ဖြစ်ပြီး သူ့ကို ယနေ့ အောက်တိုဘာ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ထောင်ချခံရမှုအပေါ် ကျေနပ်မှုမရှိဟုလည်း ထောင်ချခံရသူ၏ဖခင်က နိရဥ္စရာကိုပြောသည်။
“ဘာကြောင့်ကျေနပ်ရမှာပါလဲ။ ကျွန်တော်တို့ ဖြစ်သလိုတရားရင်ဆိုင်ဦးမယ်။ အခုတရားသူကြီးကတော့ ချပါတယ်။ ဆရာ၊ ဆရာမတွေထွက်ဆိုချက်၊ အမြင်ထွက်ဆိုချက်တွေလည်း ရှိတယ်။ ကျောင်းအတူတူလွတ်တဲ့ကလေးတွေရဲ့ ထွက်ဆိုချက်လည်းရှိတယ်။ ဆေးစာမှာလည်း negative ပါ။ စစ်ဆေးတာမှာလည်း ပွန်းပဲ့ဒဏ်ရာလည်းမရှိဘူး။ လတ်တလောစစ်ခဲ့တဲ့ဆရာဝန်မှာလည်း ဘာသက်သေမှ မရှိဘူး”ဟု ပြောသည်။
ပေါက်တောမြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးငြိမ်းချမ်းကလည်း ယနေ့တွင် အမိန့်ချမှတ်လိုက်မှုမှာ ဟုတ်မှန်သည်ဟု အတည်ပြုသည်။
အဓမ္မကျူးလွန်ခံခဲ့ရသည့် KG ကျောင်းသူမှာ စိုင်းတုတ်ကျေးရွာ မူလွန်တန်းကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကျောင်းဆင်းပြီးနောက် အချိန်ပိုကျူရှင်တက်ရောက်နေရာမှ အဓမ္မပြုကျင့်ရန်ကြံစည်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ကလေး၏ဖခင်က “ကျွန်တော်တို့ကတော့ တရားသဖြင့်ကျသင့်သလောက်ကျသွားတာကို ကျေနပ်မှုရှိပါတယ်။ ကျွန်တော်ကတော့ နောင်လာနောင်သား၊ သားသမီးတွေ အဲလိုထပ်မဖြစ်ရအောင် ဒီအမှုကို ဆက်လိုက်ခဲ့တာပါ။ နောင်အနာဂတ်မှာ ဒီလိုကလေးတွေ ဒီလိုထပ်မဖြစ်အောင် ဒီအမှုပပျောက်သွားရင် နောင်သားသမီးတွေအတွက် အခက်အခဲကြုံရပါမယ်။ ကလေးကတော့ ဘာနားလည်မလဲဗျာ။ ကလေးပဲရှိသေးတာကို”ဟု နိရဥ္စရာကိုပြောသည်။
စိုင်းတုတ်ကျေးရွာသည် အိမ်ခြေ ၂၃ဝ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။
ဓာတ်ပုံ - ပေါက်တောမြို့နယ်မှ ကျေးရွာတစ်ရွာအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ