တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မင်းပြားတွင် နွားရောင်းပြီးပြန်လာသည့် စက်လှေတစ်စီး ဓားပြတိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 827

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် နွားရောင်းပြီးပြန်လာသည့် စက်လှေတစ်စီး ဓားပြတိုက်ခံလိုက်ရသည်ဟု သိရသည်။

ဓားပြတိုက်ခံရသည့်စက်လှေမှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ အမျိုးသား ၃ ဦး လိုက်ပါလာသည့် စက်လှေဖြစ်သည်။

အဆိုပါစက်လှေသည် ဘူးသီးတောင်နှင့် မောင်တောသို့သွားရောက်ကာ နွားရောင်းပြီးနောက် ကမ်းထောင်းကြီးမြို့သို့ပြန်လာချိန် ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်၊ နံနက်အစောက မင်းပြားမြို့နယ်၊ ပန်ဇင်းမော်ကျေးရွာအနီးသို့အရောက်တွင် ဓားပြတိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီး ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“နွားရာင်းပြီးပြန်လာတဲ့ချိန် တိုက်ခံရတာ။ စက်လှေရဲ့ နောက်ကနေ  လူ ၃ ဦးက ဟွန်ဒါစက်လှေငယ် တစ်စီးက လာရောက်ပြီး စက်လှေပေါ် ကို တက်ပြီးဓားပြတိုက်သွားတာ။  နွားရောင်းလို ရတဲ့  ငွေတွေ အကုန်ပါ သွားတယ်ကြားတယ်။လူတော့ အသက်မထိခိုက်ဘူးလို့ သိရတယ်”ဟုပြောသည်။

ဓားပြတိုက်ခံရမှုကြောင့် ငွေကျပ် ၁၃ သိန်းကျော်နှင့် လက်ကိုင်ဖုန်းတစ်လုံး ပါသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေလမ်းခရီးသွားလာရာတွင် မကြာခဏ ဓါးပြတိုက် လုယူမှုများ ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁ဝ နာရီခန့်ကလည်း ပေါက်တောမြို့နယ်၊ ကျောက်မောင်းကျေးရွာမှ စက်လှေဖြင့်ပိုက်ချနေသည့် ငါးဖမ်းသမား ကိုရွှေမောင်သန်း(၂၅)နှစ်၏ လှေပေါ်တွင် တပ်ဆင်ထားဟော ဟွန်ဒါစက်အား လူ ၃ ဦးလိုက်ပါလာသည့် စက်လှေတစ်စီးက အကြမ်းဖက်ကာ လုယူသွားမှု ဖြစ်ပွားခဲ့သေးသည်။

ရခိုင်တွင် တရားဥပဒေစိုးမိုးမှု အားနည်းမှုရှိလာသည်နှင့်အတူ စီးပွားရေး အကျပ်အတည်းများကြောင့် တစ်နေ့တစ်ခြား ခိုးဆိုးလုယက်၊ ဓားပြတိုက်၊ လူသတ်မှုများ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။ (NN-11)

ဆက်စပ် သတင်းများ