တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် တရုတ်နိုင်ငံသို့ ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 589

ှစ်နိုင်ငံကြား အေးခဲနေသောဆက်ဆံရေး နှင့် အငြင်းပွားမှုများ လျှော့ချရေးဆွေးနွေးကြမည်

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်သည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ ယနေ့ ဇွန်လ(၁၈)ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

 

တင်းမာမှုမြင့်တက်နေသည့် နှစ်နိုင်ငံအကြား ငါးနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန် အစိုးရ ထိပ်တန်း ခေါင်းဆောင်တစ်ဦး အလည်အပတ် ရောက်ရှိလာခြင်းဖြစ်သည်။

 

အေးခဲနေသော နှစ်နိုင်ငံဆက်ဆံရေးကာလအတွင်း ရောက်ရှိလာခြင်းဖြစ်ပြီး အငြင်းပွားနေသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ သို့သော် သိသာထင်ရှားသည့် ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာနိုင်ဖွယ်မရှိဟုလည်း ဆိုနေကြသည်။

 

မူလက ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံသို့ ဘလင်ကင် လာရောက်ရန် ဖြစ်သော်လည်း တရုတ်တို့ လွှတ်တင်ထားသည့် သူလျှိုမိုးပျံဘောလုံးတစ်လုံးကို အမေရိကန်ကောင်းကင်ယံတွင် တွေ့ရှိခဲ့ပြီးနောက် အစီအစဉ်ပျက်သွားပြီး ယခုမှ လာရောက်ခြင်းဖြစ်သည်။

 

အန်တိုနီ ဘလင်ကင်သည် ၂၀၂၁ခုနှစ် ဂျိုးဘိုင်ဒင် သမ္မတ တာဝန်ထမ်းဆောင်ချိန်မှ စ၍ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အဆင့်အမြင့်ဆုံး အမေရိကန်ခေါင်းဆောင် ဖြစ်သည်။

 

တနင်္လာနေ့အထိ နေထိုင်မည့် ခရီးစဉ်အတွင်း ဘလင်ကင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၊ ထိပ်တန်းသံတမန်ဝမ်ရီ အပါအဝင် သမ္မတ ရှီကျင့်ပင် နှင့်လည်း တွေ့ဆုံနိုင်သည်ဟု သိရသည်။

 

မဟာဗျူဟာပြိုင်ဘက်နှစ်နိုင်ငံအကြား ပွင့်လင်းပြီး အထိအရှခံနိုင်သော ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု တည်ဆောက်ရေး ဆွေးနွေးကြဖွယ်ရှိသည်ဟုလည်း သိရသည်။

 

ဘလင်ကင်​၏ တရုတ်ခရီးစဉ်က လာမည့်လအတွင်း နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ဖြစ်ပေါ်လာရေး အတွက် လမ်းပွင့်သွားနိုင်သည်ဟု မျှော်လင့်ရသည်။

လာမည့်လများအတွင်း ဘဏ္ဍာရေးအတွင်းရေးမှုး ဂျနက် ယဲလင် နှင့် ကုန်သွယ်ရေးအတွင်းရေးမှူး ဂှီနာ ရိမ်မွန်ဒို တို့ တရုတ်နိုင်ငံသို့ လာရောက်ကြဖွယ် ရှိသည်။

 

အလားတူ ယခုနှစ်ကုန်ပိုင်းတွင် ဂျိုးဘိုင်ဒင်နှင့် ရှီကျင့်ပင်းတို့အကြား နယ်ပယ်စုံထိပ်သီးတွေ့ဆုံမှု အတွက် အစပျိုးမှု ဖြစ်နိုင်သည်ဟု ဆိုသည်။ သမ္မတဂျိုးဘိုင်ဒင်က လာမည့်လများအတွင်း ရှီကျင့်ပင်း နှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း စနေနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံခဲ့မှုက စစ်အေးရန်စောင်မှုကို ခေတ္တလျှော့ကျသွားစေသော်လည်း တရုတ် မိုးပျံဘောလုံးတွေ့ရှိပြီးနောက် ဆက်ဆံရေးပြန်လည်တင်းမာသွားခဲ့သည်။

 

အမေရိကန်-တရုတ် အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာခြင်း​​၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်ကြောင့် ဘဏ္ဍာရေးဈေးကွက်မှ အစပြု၍ ကုန်သွယ်ရေးလမ်းကြောင်း နှင့် လုပ်ငန်းစဉ်များ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးအစီအစဉ်များ ထိခိုက်နိုင်သဖြင့် ယခု ဘလင်ကင်​၏ တရုတ်ခရီးစဉ်ကို ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်လျှက်ရှိနေသည်။

 

 " နှစ်ဘက်စလုံးက ထိပ်တန်းအဆင့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ရှိဖို့လိုအပ်နေတာကို အသိအမှတ်ပြုကြတယ်" အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက တိုကျို၌ ခရီးတစ်ထောက်နားစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။

 

" နှစ်နိုင်ငံဆက်ဆံရေးမှာ အထင်မြင်လွဲမှုတွေကို လျှော့ချဖို့ အရေးအကြီးဆုံးအနေအထားကို ကျွန်တော်တို့ ရောက်နေတယ်" ဟု အဆိုပါအရာရှိကပြောသည်။

 

အမေရိကန် နှင့် တရုတ် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ လွန်ခဲ့သည့်လများအတွင်း ဆိုးရွားလာနေခဲ့ပြီး ထိုင်ဝမ်အရေးကြောင့် တစ်ချိန်ချိန်တွင် စစ်မက်ဖြစ်လာနိုင်သည်ဟု စိုးရိမ်မကင်းဖြစ်နေခဲ့ကြသည်။

 

NN-27

ref: cna

ဆက်စပ် သတင်းများ