တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ယူဂန္ဓာအနောက်ပိုင်း စာသင်ကျောင်း တိုက်ခိုက်ခံရမှု ကျောင်းသားကျောင်းသူများ အပါအဝင် ၄၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 645

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်း Mpondwe ဒေသရှိ Lhubiriha အလယ်တန်းကျောင်းကို ဇွန်လ(၁၇)ရက်၊ စနေနေ့ ညပိုင်းက အကြမ်းဖက်စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ခဲ့ရာ ကျောင်းသားကျောင်းသူများ အပါအဝင် လူပေါင်း ၄၁ ဦး သေဆုံးသွားသည်ဟု အာဏာပိုင်များက ဆိုသည်။

တနင်္ဂနွေက သေဆုံးသွားသူများအား မြေမြုပ်သင်္ဂြိုလ်စဉ် ငိုကြွေးပူဆွေးနေသော မိသားစုများကို မြင်တွေ့ရပြီး အချို့မှာ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြသည်။

 

ယခုအကြမ်းဖက်တိုက်ခိုက်မှုမှာ ၂၀၁၀ နောက်ပိုင်း ယူဂန္ဓာတွင် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်သည်။

 

ယူဂန္ဓာသမ္မတ ယိုဝီရီ မူဆီဗေနီက စစ်သွေးကြွ အကြမ်းဖက်သမားများကို အဆုံးစွန်ရှာဖွေ ချေမှုန်းသွားမည်ဟု ပြောကြားခဲ့သည်။

 

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ နယ်စပ်နှင့် တစ်မိုင်ခွဲခန့်သာဝေးသော လူဘီရီဟာ အလယ်တန်းကျောင်းအား စစ်သွေးကြွများက ဝင်ရောက်စီးနင်းစဉ် အချို့မှာ ဓါးခုတ်ခံရပြီး အချို့မှာ ပစ်ခတ်ခံရကာ အချို့မှာ မီးရှို့ခံခဲ့ရသည်။

 

စစ်သွေးကြွများမှာ ကွန်ဂိုနိုင်ငံတွင် အခြေစိုက်သော Allied Democratic Forces( ADF) မှဖြစ်ပြီး တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ဓါးစာခံ ငါးဦးနှင့်အတူ ကွန်ဂိုဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဂန္ဓာ အာဏာပိုင်များက ဆိုသည်။

 

မိန်းကလေး ငါးဦးအပါအဝင် ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု နယ်စပ်ဒေသ ကာဆက်ဆီခရိုင် အုပ်ချုပ်ရေးမှူး မူဟင်ဒီ က ဆိုသည်။

 

တာဝန်ရှိသူများ​၏ ထုတ်ပြန်ချက်အရ ကျောင်းသားကျောင်သူ ၃၇ ဦးသေဆုံးခဲ့ရာ ၁၇ ဦးမှာ ကျောင်းဆောင် မီးရှိုခံရပြီး သေဆုံးကာ ကျောင်းသူ ၂၀ ဦးမှာ ထွက်ပြေစဉ် အခုတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

အီလီယာ့စ် ကူလီ အမည်ရှိ အသက် ၁၈ နှစ်အရွယ် အသက်ရှင်ကျန်ရစ်သူတစ်ဦး​၏ ပြောကြားချက်အရ ကျောင်းသားများသည် သေနတ်သံကြားသဖြင့် ကျောင်းဆောင်တံခါးကို ပိတ်ချလိုက်သည်။

 

" သူတို့တွေက ပြောက်ကျားစစ်ယူနီဖောင်းတွေ ဝတ်ထားကြတယ်။ လက်ထဲမှာ တူတွေ၊ လွှတွေ၊ ဓါးတွေ၊ ပုဆိန်တွေ၊ သေနတ်တွေ ကိုင်ဆောင်ထားကြတယ်" စစ်သွေးကြွများသည် တံခါးပိတ်ထားသော ကျောင်းဆောင်ပြတင်းပေါက်များကို စတင် မီးရှိုပြီး အဆောင်တွင်းသို့ ဗုံးပစ်ထည့်ခဲ့သည်ဟု သူက ဆိုသည်။

 

အာဖရိက သမဂ္ဂ၊ ပြင်သစ် နှင့် အမေရိကန်တို့က ယခုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြားပြီး အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင်ဝေဖန်ခဲ့သလို ကုလသမဂ္ဂ အတွင်းရေးမှူး ဂူတာရက်စ်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုတွင် တာဝန်ရှိသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

NN- 27

ref: AFP/ dhaka tribune

ဆက်စပ် သတင်းများ