တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရွေးကောက်ခံအမတ် (၅၀၀)လုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုလိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 451

ပြီးခဲ့သည့် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရွေးကောက်ခံအမတ်အားလုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အမတ်အဖြစ် ဇွန်လ(၁၉)ရက်နေ့တွင် တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။

အောက်လွှတ်တော်ကိုယ်စားလှယ် အမတ် ၅၀၀ လုံးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်းရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ် ၅၀၀ ကိုသာ ရွေးချယ်ခြင်းဖြစ်သည်။ ၅၀၀ အနက် ၄၀၀ မှာ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်လောင်းဖြစ်ပြီး ၁၀၀ မှာ အချိုးကျကိုယ်စားပြုစနစ်အရ ပါတီအလိုက်ရွေးချယ်ခံရသော ပါတီကိုယ်စားလှယ်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဆာဝမ်း ဘွန်မီးက ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကန့်ကွက်လွှာများအားလုံး စစ်ဆေးမပြီးမီ ကိုယ်စားလှယ်အားလုံးကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ဘက်ပေါင်းစုံက မိမိကိုယ်မိမိ ခုခံချေပရန် အခွင့်အရေး အပြည့်အဝ ရစေလို၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကန့်ကွက်လွှာတွေ၊ အယူခံတွေ စုံစမ်းစစ်ဆေးဖို့ တစ်နှစ်လောက် ကြာလိမ့်မယ်" ဟု ဆာဝမ်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လွှတ်တော်အမတ်အဖြစ် အတည်ပြုပြီးသည့်တိုင် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခွင့်ရှိပြီး ငြိစွန်းမှုရှိလျှင် ဗဟိုတရားရုံးသို့ လွှတ်တော်အမတ်အဖြစ်မှ ပယ်ဖျက်ပေးရန်တောင်းဆိုနိုင်ပြီး ဗဟိုတရားရုံးကကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခွင့် ရှိသည်ဟု သူက ရှင်းပြသည်။

မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် ပီတ လင်ဂျာရွန်ရတ် ဦးဆောင်သည့် Move Forward ပါတီက အမတ်နေရာ ၁၅၁ ဖြင့်အများဆုံးအနိုင်ရပြီး အစိုးရဖွဲ့ရန်ပြင်ဆင်နေသည်။

ထိုင်းဖွဲ့စည်းပုံဥပဒေအရ ပီတ အနေဖြင့် ဝန်ကြီးချုပ်အဖြစ် အစိုးရဖွဲ့ရန် လွှတ်တော် နှစ်ရပ်ပေါင်း အမတ်ဦးရေ ၃၇၆ ရရန်လိုအပ်နေသည်။

လတ်တလောအချိန်အထိ အခြားမဟာမိတ်ပါတီ(၇)ခုနှင့် ပေါင်းကာ အမတ်အရေအတွက် (၃၁၂) ရရှိထားသည်။ အထက်လွှတ်တော်အမတ်အချို့က ထောက်ခံမှုပေးမှသာ အစိုးရဖွဲ့နိုင်မည်ဖြစ်ပြီး ယခုချိန်ထိ အထက်လွှတ်တော်အမတ်အချို့က ထောက်ခံ မထောက်ခံ မသိရသေးပေ။

ref:CNA

ဆက်စပ် သတင်းများ