အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မော်စကိုသို့ ချီတက်နေသော ဝက်ဂနာ တပ်များ ပြန်ဆုတ်သွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 635

'ဘီလာရုစ်သမ္မတ လူကာရှန်ကို ကြားဝင်စေ့စပ်ပေးပြီးနောက် တပ်များ ပြန်ဆုတ်သွားခြင်းဖြစ်'

 

တစ်ရက်တာ တင်းမာနေခဲ့သော ရုရှားပြည်တွင်းစစ်အခြေအနေမှာ ရုတ်တရက် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

စနေနေ့(ဇွန်လ-၂၄)ညနေပိုင်းအထိ အခြေအနေမှာ တင်းမာနေဆဲဖြစ်ပြီး မော်စကိုတွင် အရေးပေါ်အခြေအနေကြေညာပြီး ချီတက်လာသော ဝက်ဂနာအဖွဲ့ကို ခုခံရန် ပြင်ဆင်နေခဲ့ကြသည်။

 

 တောင်ပိုင်း ရော့စ်တော့ဗ်မြို့ကို ဝက်ဂနာအဖွဲ့က မနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး အမှတ်(၄) လမ်းမကြီးအတိုင်း မော်စကိုသို့ ဆက်လက်ချီတက်လာပြီး ဗိုရိုနော့ဇ်မြို့ စစ်စခန်းများကို သိမ်းပိုက်ခဲ့သည်။

 

အခြေအနေတင်းမာလာသဖြင့် ရုရှားသမ္မတ ပူတင်က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး သစ္စာဖောက်များ၊ တိုင်းပြည်ပုန်ကန်သူများ၊နောက်ကျော ဓါးနှင့်ထိုးသူများဟု စွပ်စွဲကာ ဖမ်းဆီး အရေးယူဒဏ်ခတ်မည်ဟု ကြိမ်းဝါးခဲ့သည်။

 

ဝက်ဂနာအဖွဲ့ချီတက်လာမှုကြောင့် မော်စကိုတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပြီး မြို့တော်ဝန်က အိမ်ထဲမှ အိမ်ပြင် မထွက်ကြရန်၊ တင်္နလာနေ့ကို အလုပ်ပိတ်ရက်အဖြစ် ကြေညာခဲ့သည်။

 

ဝက်ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က မိမိသည် သစ္စာဖောက် မဟုတ်ကြောင်း၊ ရုရှား စစ်ခေါင်းဆောင်များသည် အလိမ်အညာများ၊ အကျင့်ပျက်ခြစားသူများ၊ ဗြူရိုကရက်များဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

 

အခြေအနေတင်းမာနေမှုက ရုရှားပြည်တွင်းစစ်ဆီသို့ ဦးတည်နေပြီး အားလုံးက စိုးရိမ်မကင်း ဖြစ်နေကြစဉ်မှာပင် အခြေအနေပြန်လည်တည်ငြိမ်သွားခဲ့သည်။

 

သမ္မတပူတင်၏ တိုက်တွန်းချက်အရ ဘီလာရုစ်သမ္မတ လူကာရှန်ကို က ကြားဝင်စေ့စပ်ပေးပြီးနောက် တင်းမာမှုများ ပြီးဆုံးသွားခြင်းဖြစ်သည်။ သဘောတူညီချက်များအရ ပရီဂိုဇင်အား လက်နက်ကိုင် ပုန်ကန်မှုဖြင့် အရေးယူမှုကို ပူတင်က ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီး ချီတက်လာသော ဝက်ဂနာတပ်ဖွဲ့ဝင်များကိုလည်း ပုန်ကန်မှုဖြင့် အရေးမယူရန် ပူတင်က ကတိပြုခဲ့သည်။

 

ဝက်ဂနာခေါင်းဆောင် ပရီဂိုဇင်အား ဘီလာရုစ်တွင် နေထိုင်ခွင့်ပြုပြီး ဖြစ်ခဲ့သမျှအားလုံး ကျေအေးရန် သဘောတူခဲ့ကြသည်။

 

မော်စကို နဲ့ မိုင် ၁၂၀ အကွာအထိ ကျွန်တော်တို့ ရောက်ရှိခဲ့တယ်။ ရဲဘော်တွေ သွေးမြေတစ်စက်မှ မကျခဲ့ဘူး။ ရုရှားနိုင်ငံထဲမှာ သွေးချောင်းမစီးဖို့ ကျွန်တော်တို့ တပ်ဖွဲ့တွေ နဂိုနေရာတွေကို ပြန်သွားကြမယ်ဟု ဝက်ဂနာခေါင်းဆောင် ပရီဂိုဇင်က ပြောကြားခဲ့သည်။

 

 ၂၄ နာရီကြာ တင်းမာခဲ့သော ရုရှားပြည်တွင်းစစ်ဖြစ်လုလု အခြေအနေ ပြီးဆုံးသွားပြီးနောက် အင်အားကြီးမားသည်ဟု ယူဆရသော ရုရုတပ်၏ အားနည်းသော အခြေအနေများကို မြင်တွေ့ခဲ့ရသည်။

 

ဝက်ဂနာ ကြေးစားတပ်တွင် အဖွဲ့ဝင်အင်အား ၂၅၀၀၀ ခန့် ရှိပြီး လေကြောင်းရန် ကာကွယ်ရေး လက်နက်အပါအဝင် လက်နက်ကြီးများ ပိုင်ဆိုင်ကာ တိုက်ရည်ခိုက်ရည်ပြည့်ဝသည်။

 

လက်ရှိ ယူကရိန်းစစ်မြေပြင်တွင် အဓိက တိုက်ပွဲဝင်ပေးနေသူများဖြစ်ပြီး နာမည်ကျော် ဘက်ခ်မွတ်မြို့အား သိမ်းပိုက်ရာတွင် ဝက်ဂနာအဖွဲ့က ဦးဆောင်ခဲ့သည်။

 

တင်းမာမှုဖြစ်ရသည့်အကြောင်းမှာ ဝက်ဂနာခေါင်းဆောင် ပရီဂိုဇင် နှင့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုအီဂူ၊ ကာကွယ်ရေးဦးစီးချုပ် ဗယ်လာရီ ဂျီရာဆီမော့ဗ် တို့အကြား မပြေလည်မှုဖြစ်သည်။

 

ပရီဂိုဇင်က ထိုစစ်ခေါင်းဆောင်များသည် အရည်အချင်းမရှိသူများဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

 

ပြီးခဲ့သည့်ရက်များက ရုရှားတပ်များသည် ဝက်ဂနာတပ်ဖွဲ့အား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာမှ အများအပြားသေဆုံးခဲ့ရပြီးနောက် မော်စကိုသို့ချီတက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုအီဂူ က ဝက်ဂနာတပ်များအား ရုရှားတပ်များ၏ ကွပ်ကဲမှုအောက် ထားရှိရန်တောင်းဆိုမှုကိုလည်း ပရီဂိုဇင်က ငြင်းဆန်ခဲ့သည်။

 

NN-27

ref: Reuters/ BBCWorld/CAN

ဆက်စပ် သတင်းများ