အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

သီရိလင်္ကာသို့ လက်ဆောင်ပေးထားသည့် ထိုင်းဆင် နှိပ်စက်ညှဉ်းပန်းခံနေရ၍ လေယာဉ်ဖြင့် ပြန်လည် သယ်ဆောင်ခေါ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 703

ထိုင်းဘုရင်နှင့် မိဖုရားတို့က ၂၀၀၁ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ပေးအပ်လှူဒါန်းထားသည့် ဆင်တစ်ကောင်မှာ သီရိလင်္ကာတွင် နှိပ်စက်ညှဉ်းပန်းခံရပြီး ဒဏ်ရာရနေသဖြင့် ထိုင်းအစိုးရက ပြန်လည်ခေါ်ယူလိုက်သည်ဟု သိရသည်။

 

အသက် ၂၉ နှစ်အရွယ်ရှိ ဆင်ကြီး မူတူးရာဂျာအား သယ်ဆောင်လာသည့် ကုန်တင်လေယာဉ်သည် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ရောက်ရှိလာခဲ့သည်။

 

ပေါင်ချိန် ၈၈၀၀ ရှိ ဆင်ကြီးအား အထူးပြုလုပ်ထားသည့် သံမဏိလှောင်အိမ်တွင် ထည့်သွင်းကာ ထိုင်းဆင်ထိန်းလေးဦး၊ သီရိလင်္ကာ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတစ်ဦး နှင့်အတူ အထူးကုန်တင် လေယာဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

 

အဆိုပါလေယာဉ်ငှါးရမ်းမှုအတွက် ကုန်ကျစရိတ် ဘတ် ၁၉ သန်း( ဒေါ်လာ ၅၄၀၀၀၀) ပေးခဲ့ရသည်ဟု ဆို၏။

 

အဆိုပါဆင်ကြီးမှာ ထိုင်းနိုင်ငံ တစ်ခြား နိုင်ငံများသို့ လက်ဆောင်ပေးထားသည့် ဆင်များအထဲက တစ်ကောင်ဖြစ်ပြီး  သီရိလင်္ကာ ဘုန်းတော်ကြီးကျောင်းတွင် နှိပ်စက်ညှဉ်းပန်းခံနေရသည်ဟု ကြားသိရသဖြင့် ထိုင်းအစိုးရက ပြန်လည်တောင်းယူခဲ့ခြင်းဖြစ်သည်။

 

သီရိလင်္ကာဝန်ကြီးချုပ်က ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ထိုင်းဘုရင်အား လူသိရှင်ကြား တောင်းပန်ခဲ့သည်။

 

ဆင်ကြီး၏ ရှေ့ ဝဲဘက်ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် ကုသမှုခံယူရမည်ဟု သိရသည်။ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့သည် ဆင်ကို အလေးအမြတ်ထားသော နိုင်ငံများဖြစ်သည်။

 

၂၀၀၁ ခုနှစ်က ထိုင်းတော်ဝင်မိသားစုသည် ယခုဆင်ကြီး မူတူးရာဂျာ အပါအဝင် ဆင်သုံးကောင်ကို ဘာသာရေးပွဲတော် အခမ်းအနားများတွင် အသုံးပြုရန် သီရိင်္လကာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

မူတူးရာဂျာ ဆင်ကြီးကို သီရိလင်္ကာ​တောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ထားခဲ့သည်။

 

တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများ၏ အဆိုအရ မူတူးရာဂျာဆင်ကြီးမှာ ဘုရားကျောင်းအတွင်း သစ်ဆွဲသည့် အလုပ်ကို လုပ်ရပြီး ရရှိထားသောဒဏ်ရာကို ဆေးကုသမှုမပေးသည့်အတွက် ခြေတစ်ဖက် ဆာ နေသည်ဟုသိရသည်။

 

သီရိလင်္ကာအခြေစိုက် တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက သီရိလင်္ကာအစိုးရကို အဆိုပါ ကိစ္စအရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုထားသဖြင့် ယမန်နှစ်က ထိုင်းအစိုးရသို့ တင်ပြအကူအညီတောင်းခံခဲ့သည်။

 

ဆင်ကြီးမူတူး ပြန်ပို့ရေးနှင့်ပတ်သက်ပြီး သီရိလင်္ကာ သဘာဝတောရိုင်းဝန်ကြီး၊ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများ နှင့် ထိုင်းအစိုးရကြား အငြင်းပွါးမှု ကာလအတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်။

 

NN-27

Ref:bbcworld

ဆက်စပ် သတင်းများ