တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်မဲပေးမှု မစတင်မီ အနိုင်ရပါတီခေါင်းဆောင်ပီတ ပြည်သူများနှင့် တွေ့ဆုံပြီး နောက်ဆုတ်သွားမည်မဟုတ်ဟု ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 344

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်နေရာအတွက် မဲပေးဆုံးဖြတ်မှု မစတင်မီ ဇူလိုင်(၉)ရက်နေ့က အနိုင်ရ Move Forward ပါတီခေါင် ပီတ လင်ဂျာရွန်နရတ်သည် မိမိအားထောက်ခံသူ မဲဆန္ဒရှင်ပြည်သူများနှင့် ဘန်ကောက်မြို့ Central World တွင် တွေ့ဆုံနှုတ်ဆက်ပြီး နောက်ဆုတ်သွားမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

 

 ပြီးခဲ့သည့် မေလ(၁၄)ရက် ရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသော Move Forward ပါတီက အမတ်အရေအတွက် အများဆုံးဖြင့် အနိုင်ရခဲ့သော်လည်း ပါတီခေါင်းဆောင် နှင့် ဝန်ကြီးချုပ်လောင်း ပီတ မှာ ဝန်ကြီးချုပ်ဖြစ်ရေးနှင့် အစိုးရဖွဲ့ရေး မသေမချာဖြစ်နေဆဲ ဖြစ်သည်။

 

ပီတ အားဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံသူအရေအတွက် (၃၇၆)ရရှိရန်လိုအပ်သည်။

 

လက်ရှိ Move Forward ပါတီက ဦးဆောင်သော ညွန့်ပေါင်း(၈)ပါတီက ကိုယ်စားလှယ်စုစုပေါင်း (၃၁၂) ရရှိထားပြီး နောက်ထပ် ထောက်ခံသူ (၆၄)ရရှိမှသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။

 

အထက်လွှတ်တော်တွင် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်က ခန့်အပ်ထားသည့် လွှတ်တော်အမတ် (၂၅၀) ရှိပြီး ၎င်းတို့က Move Forward ပါတီခေါင်းဆောင် ပီတ ကို ထောက်ခံမဲပေးရန် ငြင်းဆန်မှုများရှိနေသည်။

 

အထက်လွှတ်တော်အမတ်အများစုက Move Forward ပါတီ​၏ မူဝါဒများကို ကြိုက်နှစ်သက်ခြင်း မရှိပေ။

 

ဒီမိုကရေစီလိုလားသော MFPပါတီက အာဏာအလွန်အကျွံရယူထားသည့် ထိုင်းဘုရင်​၏ အာဏာကို ကန့်သတ်ပြီး စီးပွားရေးလက်ဝါးကြီးအုပ်ထားမှုများကို ပြုပြင်ပြောင်းလဲလိုသည်။

 

အထူးသဖြင့် ထိုင်း ရာဇဝတ်ဥပဒေပုဒ်မ-၁၁၂ (သို့မဟုတ်) တော်ဝင် အသရေဖျက်မှု ဥပဒေ ( lese-majeste law ) ကို ပြင်ဆင်လိုသည်ဟု ဆိုသည်။ MFP ပါတီခေါင်းဆောင် ဝန်ကြီးချုပ်လောင်း ပီတ အား ဖျက်သိမ်းပြီးဖြစ်သည့် iTV မီဒီယာကုမ္ပဏီတွင် ရှယ်ယာများ ပါဝင်မှုဖြင့် စုံစမ်းဆေးမှုများရှိနေပြီး အဆိုပါ ရှယ်ယာပိုင်ဆိုင်မှု စွပ်စွဲချက်ကလည်း သူ​၏ ဝန်ကြီးချုပ် နေရာအတွက် အဟန့်အတားဖြစ်လာနိုင်သည်။

 

ထိုင်းဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မီဒီယာကုမ္ပဏီတွင် ရှယ်ယာပါခွင့် မရှိပေ။ ထိုသို့သော အခြေအနေတွင် MFP ပါတီခေါင်းဆောင် ပီတ က ယခုလာမည့် ဇူလိုင်(၁၃)ရက်သည် ထိုင်းနိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးမည့် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ကြောင်း၊ မိမိအားထောက်ခံသူများက နောက်ဆုတ်မည်မဟုတ်သလို မိမိကလည်း နောက်ဆုတ်မည်မဟုတ်ကြောင်း ဇူလိုင်(၉)ရက်နေ့ ညနေက ဘန်ကောက်မြို့ Central World အပြင်ဘက်တွင်ပြုလုပ်သည့် ရာပေါင်းများစွာသော ပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

 

" မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး ထိုင်းနိုင်ငံအတွက် အခွင့်အရေးပေးခဲ့ရင် ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတက်လာမှာပါ" " ဒီလိုမှ မဟုတ်ဘဲ ဆုံးဖြတ်ချက် အမှားချမိခဲ့ရင်တော့ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိမ့်ကျမှု သံသရာထဲ ဆက်ပြီးလည်နေပါလိမ့်မယ်" ဟု ပီတက ထောက်ခံသူများကို ပြောကြားခဲ့သည်။

 

တစ်ဆက်တည်းမှာပင် ပီတ က အထက်လွှတ်တော်အမတ်များအားလုံးကို " ကျွန်တော်တို့အားလုံးဟာ ပြည်သူတွေရဲ့ နိုင်ငံရေးသမားတွေဆိုတာ မမေ့ကြပါနဲ့။ ပြည်သူတွေဘက်က ပြည်သူအများစုနဲ့အတူ ရပ်တည်မယ်လို့ ဆိုတဲ့ အမတ်တွေကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်" ဟု ပြောကြားခဲ့သည်။

 

 အထက်လွှတ်တော်အမတ်များ​၏ ထောက်ခံမှုရရှိရေး မသေမချာဖြစ်နေသော်လည်း MFP ပါတီ ခေါင်းဆောင် ပီတ က လာမည့် လေးရက်အတွင်း အထက်လွှတ်တော်အမတ်အချို့နဲ့ နားလည်မှု တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း တွေ့ဆုံပွဲအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

 

NN-27

ref:can

 

ဆက်စပ် သတင်းများ