သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

“ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအသစ်က တိုင်းရင်းသားပါတီတွေကို ပြည်ထောင်စုအဆင့်နေ ဖယ်ထုတ်ပြီး ကြံ့ခိုင်ရေးပါတီကို ပြိုင်ဘက်မရှိအနေအထားမျိုးဖန်တီးတာလို့ပဲ ယူဆတယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

SNLD အထွေထွေ အတွင်းရေးမှူး စိုင်းလ (ခ) စိုင်းလိတ်

 

နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/ ၂၀၂၃

 

စစ်ကောင်စီကနေ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ဇန်နဝါရီ ၂၆ ရက်နေ့ကထုတ်ပြန် ကြေငြာခဲ့ပါတယ်။ 

 

အဲ့ဒီ ဥပဒေသစ်ထဲမှာ နိုင်ငံရေးပါတီ တစ်ခုဟာ မှတ်ပုံတင်တဲ့ နေ့ကစပြီး ပြည်ထောင်စုတစ်၀န်း စည်းရုံးမည့် ပါတီဆိုရင် ရက်ပေါင်း ၉၀ အတွင်း ပါတီ၀င် ဦးရေ ၁ သိန်း စည်းရုံးနိုင်ရမယ်၊ ပါတီရန်ပုံငွေ ကျပ် သိန်း ၁၀၀၀ မြန်မာ့ စီးပွားရေးဘဏ်မှာ ငွေစာရင်းဖွင့်ထားရမယ်၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စု တစ်ဝန်းလုံးရှိ  မြို့နယ်အားလုံးရဲ့ တစ်၀က်ခန့်မှာ ပါတီ ရုံးခန်း ဖွင့်လှစ်နိုင်ရမယ် ဆိုတဲ့ အချက်တွေ ပါ၀င်နေတာကိုတွေ့ရပါတယ်။

 

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁ ခု စည်းရုံးမယ့် ပါတီတွေဆိုရင်တော့ ပါတီ၀င် ဦးရေ ၁၀၀၀ စည်ရုံး နိုင်ရမယ်၊ ငွေကျပ် သိန်း ၁၀၀ မြန်မာ့စီးပွားရေး ဘဏ်မှာ ငွေစာရင်းဖွင့်ထားရမယ်၊ ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး မြို့နယ် ၅ ခုမှာ ရုံးခန်းဖွင့်ထားနိုင်ရမယ်ဆိုတဲ့ အချက်တွေကို တွေ့ရပါတယ်။

 

အခုလို ကန့်သတ်ချက်တွေရှိနေတဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်အပေါ် နိရဉ္စရာ သတင်းဌာနကနေ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ အထွေထွေအတွင်းရေးမှူး - စိုင်းလ (ခ) စိုင်းလိတ်အား ဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားပါတယ်။

 

 

မေး- ဇန်နဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ အသစ် အပေါ် ဘယ်လို မြင်ပါသလဲ

ဖြေ- လွယ်လွယ်ပြောရင်တော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေအပေါ် ပြည်ထောင်စုအဆင့်ကနေ ဖယ်ထုတ်ပြီးတော့မှ သူ့သက်ဆိုင်ရာ ပြည်နယ်တွေမှာပဲ အပြိုင်အဆိုင်လုပ်ခိုင်းတဲ့ သဘောလို့ပဲ ယူဆပါတယ်ခင်ဗျ။ ပါတီကြီးတစ်ခု ဒဲ့ပြောရင်တော့ ကြံ့ခိုင်ရေးပါတီ USDP ကို သူ့တစ်ယောက်ထဲ ပြိုင်ဘက်မရှိ စိတ်ကြိုက် လုပ်နိုင်တဲ့ အနေအထားမျိုးတစ်ခုကို ဖန်တီး ပေးလိုက်တယ်လို့ပဲ ယူဆလို့ရတယ်

မေး- အခု ဥပဒေထဲက ပါတီ၀င်အင်အားတို့၊ ငွေကြေးနဲ့ အခြားသတ်မှတ်ချက်တွေအပေါ်မှာရော ဘယ်လို မြင်ပါသလဲ

ဖြေ- ၀၁၀ တုန်းက ရေးခဲ့တဲ့ ဥပဒေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အဆပေါင်းက တစ်ထောင်လောက်ကွာ သွားတာကိုဗျ။ အရင်တုန်းက ၁၀၀၀ ပြောတာကိုး။ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ယှဉ်ပြိုင်မယ့် ပါတီဆိုရင် ပါတီ၀င်အား ၁၀၀၀ အခုက ၁သိန်းဖြစ်သွားတာကိုဗျ နောက် အရင်တုန်းက ငွေကြေးသတ်မှတ်ချက်မရှိပဲ အခု ငွေကြေးသတ်မှတ်ချက်ကလည်း ဘဏ်ထဲမှာ အနည်းဆုံး သိန်း ၁၀၀၀ ပြရမယ် ဆိုတာတွေက အင်မတန်ကို ခက်ခက်ခဲခဲလုပ်ရမယ့် ကိစ္စဖြစ်သလို အခြားတစ်ဖက် ပြည်နယ်မှာကျတော့ ပါတီတွေ အင်အားက ၁၀၀၀ ပဲ ပြီးတော့ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရမယ့် ကိစ္စမှာလဲ စကားပြောစရာ အများကြီးရှိတယ်။  ဥပမာ - ပြည်ထောင်စုမှာဆိုရင် နိုင်ငံတစ်ဝှမ်းလုံး ၀င်ယှဉ်ပြိုင်မယ့်သူက လွတ်တော်အရပ်ရပ်ရဲ့ တစ်၀က်ဆိုတော့ အနည်ဆုံး ၅၀၀ ကျော် ၆၀၀ နီးပါးလောက်၀င်ပြိုင်ရမယ်ဗျာ၊ ဒါပေမယ့် ပြည်နယ်မှာကျတော့ တစ်ယောက်ထဲလည်း ၀င်ပြိုင်လည်းဖြစ်တယ်။ မဲဆန္ဒနယ်တစ်ခုထဲလည်း ၀င်ပြိုင်လို့ ဖြစ်တယ်ဆိုတော့ ပြည်နယ်ကိစ္စကို သူတို့ ဖြစ်သလိုလုပ်ပြီးတော့မှ ပြည်ထောင်စုကို အတင်းတင်းကြပ်ထားတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ဒါဟာ မျှတလို့ မဟုတ်ဆိုတဲ့ အနေထားမျိုးလို့ သုံးသပ်လို့ရပါတယ်။

 

မေး- တိုင်းရင်းသားပါတီတွေအနေနဲ့ဆိုရင်ပေါ့ အခု ဥပဒေက ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ညီတယ်လို့ ထင်မြင် မိပါသလား  

ဖြေ- ဥပဒေရဲ့ သဘောသဘာ၀ကို ကြည့်မယ်ဆိုရင်တော့ ဒါမဖြစ်သင့်တဲ့ ကိစ္စတွေပေါ့ပါတီရုံးတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်မယ့် ပါတီက ပါတီရုံးပေါင်း အနည်းဆုံး ၁၆၀ ကျော်လောက် ဖွင့်ရမယ်။ ၁၆၅ အနည်းဆုံးဖွင့်ရမယ်။ အဲ့တော့ ပြည်နယ်အကုန်လုံးပေါင်းလိုက်မှ မြို့နယ်ပေါင်း က ၁၂၁ မြို့နယ် ၁၂၃ မြို့နယ်ပဲရှိတယ်။ ဘယ်လိုလုပ်သွားပြီးတော့မှ ပြည်မတွေမှာ သွားပြီး အခြေစိုက်ပါတီ ဖွင့်လို့ရမှာလဲမြို့နယ်ရုံးခန်းဖွင့်လို့ရမှာလဲ၊ သို့ပေမယ့်လို့ တိုင်းရင်းသားပါတီတွေ အတွက် တစ်ဖက်က တစ်ခြားနစ်နာတာ တစ်ခုရှိတယ်။ ဥပမာ တိုင်းရင်းသားရေးရာ၀န်ကြီးနေရာဆိုရင် ရှမ်းက ကချင်နဲ့ရော၊ ကယားနဲ့ရော၊ စစ်ကိုင်းနဲ့ ရော စပ်ဆက်တယ်။ အဲ့ဒေသတွေမှာ သက်ဆိုင်ရာသူတို့လူမျိုးတွေရှိတယ်။ ပြီးတော့ အဲ့ဒေသတွေမှာ တိုင်းရင်းသားရေးရာ၀န်ကြီး နေရာယှဉ်ပြိုင်ခွင့်ရှိတယ်။ ယှဉ်ပြိုင်ရဖို့ရှိတယ်။ သို့သော်လည်းပဲ သူ့ မူရင်းပါတီကနေပြီးတော့ ပြည်ထောင်စု တစ်ဝှမ်းလုံးကို ၀င်မယှဉ်ပြိုင်နိုင်ဘူး။ မှတ်ပုံမတင်နိုင်ဘူးဆိုတဲ့ အခါကျရင် တိုင်းရင်းသားရေးရာ၀န်ကြီး နေရာတွေ သူလက်လွတ် ဆုံးရှုံးရမယ်။ အဲ့အခါကျရင် ပြည်မ ပါတီကြီးတစ်ခုကပဲ လွမ်းမိုးသွားမယ်။ သူ့လူတွေအတွက်ပဲ ဖြစ်သွားမယ်။ ဒါက ဒီမိုကရေစီအခွင့်အရေးကို လုံး၀ထိခိုက်စေပါတယ်ခင်ဗျ။

 

မေး- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေကရော  နိုင်ငံတကာကရော ကန့်ကွက်နေမှုတွေအပေါ် ဘယ်လိုမြင်ပါသလဲ

ဖြေ-ရွေးကောက်ပွဲဆိုတာ လူထုကိုယ်တိုင်က မဲထည့်မှ ဖြစ်တာလေဗျ။ အဲ့တော့ လူထုက လက်မခံဘူးဆိုရင် နောက်ဆုံးကွက်ပြီးတော့မှ အတင်းလုပ်သွားတယ်ဆိုရင်တောင် သူရဲ့ - တရား၀င်မှု အတိုင်းအတာကို ထည့်တွက်ရမယ်။ နိုင်ငံတကာက အသိမှတ်ပြုသလား၊ သူရဲ့တရား၀င်မှုက သူ့အတွက် ခိုင်လုံမှုရှိစေသလားဆိုတာ အမျိုးမျိုးတွက်ရဦးမှာပေါ့နော် အဲ့ဒါကြောင့်မလို့ ရွေးကောက်ပွဲကတော့ စစ်ကောင်စီ ပြောခွင့်ရပြောသလို ဘယ်တော့ဖြစ်မလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူးလေ။ ဖြစ်ခဲ့သည်ရှိသော်မှ သူတို့ရဲ့ တရား၀င်မှုကို ထည့်တွက်ရဦးမှာ ဖြစ်ပါခင်ဗျ။ 

 

မေး-SNLD ပါတီအနေနဲ့ရော စစ်ကောင်စီ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အစီစဉ် လေးရောရှိပါသလား ?

ဖြေ- ၀င်ရောက်ယှက်ပြိုင်မယ် မပြိုင်ဘူးဆိုတာ ကျနော်တို့ အနေနဲ့ ဘာမှ မစဉ်းစားသေးပါဘူး။

 

အခုလို ဖြေကြားပေးတဲ့ SNLD ပါတီ အထွေထွေးအတွင်းရေးမှူး စိုင်းလ (ခ) စိုင်းလိတ်ကို ကျေးဇူး တင်ရှိပါတယ်။ (NN – 25) 

(ပြီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး