စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မိုင်းလားဆွေးနွေးပွဲ ဘာကြောင့်ပျက်ခဲ့ရလဲဆိုတာ ဦးရဲထွန်း နဲ့ ဆက်သွယ်မေးမြန်းချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k


နိရဉ္စရာ(အင်တာဗျူး)ဇွန် ၆၊ ၂၀၂၃

 

မကြာသေးခင်ရက်ပိုင်း ဇွန်လဆန်းပိုင်းက ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ မြောက်ပိုင်းညီနောင် ၃ဖွဲ့တို့ဖြစ်ကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ ဆွေးနွေးခဲ့ကြပါတယ်။

 

တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် နှစ်ဖက်စလုံးက ခေါင်းဆောင်တွေဟာ ဇွန်လ ၁ရက်ကနေ ၃ရက် အထိ ဆွေးနွေးကြမယ်လို့ ရက်သတ်မှတ်ထားပေမယ့်လည်း ဒုတိယမြောက်နေ့မှာ ဆွေးနွေးပွဲက ရပ်ဆိုင်းသွားခဲ့ရပါတယ်။

 

အဲဒီဆွေးနွေးပွဲကျင်းပနေစဉ်မှာပဲ ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့်တပ်တွေလှုပ်ရှားတဲ့နယ်မြေတွေမှာ MNDAA တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပါတယ်။

 

ဘာကြောင့် မိုင်းလားဆွေးနွေးပွဲ ပျက်သွားရတာပါလဲ။ တရုတ်အစိုးရဖက်က မြန်မာ့ပြည်တွင်းရေးပဋိပက္ခကို ကြားဝင်ဆောင်ရွက်ပေးမှုတွေက ရှေ့ခြေလှမ်းတိုးလာဦးမှာလား။ လက်ရှိပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကရော ဆက်ဖြစ်နေဦးမှာလားဆိုတာတွေကို နိုင်ငံရေး၊ စစ်ရေး၊ တရုတ်အရေး ကျွမ်းကျင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကို နိရဉ္စရာကဆက်သွယ်မေးမြန်းထားပါတယ်။

___________________________________________________________________________

 

 မေး - မင်္ဂလာပါ အန်ကယ် ဦးရဲထွန်းခင်ဗျ။

 ဖြေ မင်္ဂလာပါခင်ဗျ။

 

 မေး - ဇွန်လဆန်းပိုင်းတုန်းက စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ မိုင်းလားမြို့မှာ ဆွေးနွေးနေကြတဲ့အချိန်မှာ ရလဒ်ကောင်းမထွက်ဘဲ ပြီးဆုံးခဲ့ရတယ်လို့ သိထားရပါ တယ်။ အဲဒီအတွက် ရှမ်းမြောက်ဖက်မှာ တိုက်ပွဲတွေဖြစ်လာတယ်၊ အဲဒီအခြေအနေနဲ့ပတ်သက်လို့ အန်ကယ် ဘယ်လိုပြောချင်ပါလဲဗျ။

 ဖြေ အခု ဆိုရှယ်မီဒီယာတွေမှာ ကျွန်တော် တွေ့ရတာကတော့ တပ်ကလာတိုက်တာထက် MNDAA က ဝင်တိုက်တာလို့ တွေ့ရတယ်။ သိပ်ထူးဆန်းတာတော့မဟုတ်ပါဘူး ဒီဆွေးနွေးပွဲမစခင်မှာ TNLA ကနေ အင်တာဗျူးတစ်ခုမှာ ပြောထားတာရှိတယ်။ တရုတ်က နစကနဲ့ ဆွေးနွေးဖို့ ဖိအားတွေ ပေးတယ်။ သူတို့ က သိပ်ပြီး ဆွေးနွေးချင်ပုံမရဘူး။ မလွဲမရှောင်သာလို့ လာရတယ်ဆိုတဲ့ သဘောမျိုးတွေ့ရတယ်။ ဒါကြောင့် ဘာမှသိပ်မဆွေးနွေးလိုက်ရဘဲ ပြီးသွားတာတွေ့ရတယ်။ သူတို့မူလရပ်တည်ချက်ကိုက ဆွေးနွေးဖို့မလိုဘူး၊ မဆွေးနွေးချင်ဘူး။ ထပ်ပြီးတော့ တိုက်ပွဲဝင်မယ့်သဘောလို့ ခန့်မှန်းရပါတယ်။

 

 မေး - အမေရိကန်ကနေ မြန်မာ့နွေဦးအတွက် ဥပဒေပြဌာန်းပြီး လက်နက်မပါတဲ့ ထောက်ပံ့မှုတွေ လုပ်ပေး မယ်။ ဒါတွေက EAOs တွေဆီကူးစက်မှာ တရုတ်က စိုးရိမ်တယ်။ တရုတ်ဖက်က စောစောစီးစီး လက်ဦးမှုယူပြီး လုပ်တဲ့သဘောမျိုးလား။  အဓိကကတော့ NUG တို့ EAOs တို့နဲ့ မပတ်သက်စေချင်တဲ့သဘောမျိုးပေါ့လေ၊ အဲဒီ အတွက်ကြောင့် ဒီဆွေးနွေးပွဲပျက်ရတဲ့သဘောလားဗျ။

 ဖြေ - အခုကြားရတဲ့သတင်းအရ အဲဒီကိစ္စမပြောရသေးဘူးပေါ့နော်။ အဲဒါက နစကဖက်ကနေ ပြောရမယ့် စကားပေါ့။ ဟိုဖက်ကတော့ ဖမ်းဆီးခံထားရတဲ့ အဖွဲ့ဝင်တွေပြန်လွှတ်ပေးဖို့၊ မတရား အသင်းကြေညာ ထားတာ ဖျက်သိမ်းပေးဖို့နဲ့ မုန်တိုင်းဒဏ်ခံရသူတွေကို နစက က ပူးပေါင်းပါဝင်ကူညီဖို့ ဆွေးနွေးတယ်ပေါ့။  နစကဖက်ကတော့ ဒီမိုကရေစီဖက်ဒရယ်စနစ်ချီတက်ဖို့ ရည်မှန်းချက်စတင်ဖို့ သဘောပေါ့နော်။ ဟို ဖက်ကတော့ ဒါနဲ့ပတ်သက်လို့ဆွေးနွေးစရာမရှိဘူးပေါ့နော်။ ပြန်ပြီးတော့ တိုင်ပင်ရဦးမယ်ဆိုပြီး ဒုတိယ ရက်မှာပဲ ဆွေးနွေးပွဲကပြီးသွားတာပေါ့။ နစကဖက်က လက်တွေ့ကျတဲ့ ဘာမှတောင်းဆိုချက် ဘာမှမဆွေးနွေးရသေးတဲ့အနေအထားလို့ မြင်တယ်။ ဘာမှကို သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲက ရပ်သွားတယ်ပေါ့။

 

 မေး - မိုင်းလားဆွေးနွေးပွဲက ပထမ ၃ရက် ဆွေးနွေးမယ်လို့ ရည်ရွယ်ထားတာ ၂ရက်တည်းနဲ့ ရပ်တန့်သွား တယ်ပေါ့လေ။ ဆွေးနွေးနေစဉ်မှာပဲ ရှမ်းမြောက်ဖက်မှာ တိုက်ပွဲတွေ ဖော်ဆောင်လာတယ်၊ ဆွေးနွေးပွဲမှာ ညီနောင် ၃ဖွဲ့စလုံးတက်ရောက်တယ်ဆိုတော့ TNLA တို့၊ AA တို့ လှုပ်ရှားတဲ့ ဒေသတွေမှာရော တိုက်ပွဲတွေ ဖြစ်လာမယ်လို့ မြင်မိပါလားဗျ။

 ဖြေ - ရှမ်းမြောက်မှာတော့ TNLA ရော၊ MNDAA ရော လှုပ်ရှားတဲ့ဒေသဖြစ်တော့ ဖြစ်လာနိုင်တာပေါ့။ ရခိုင်မှာကတော့ မုန်တိုင်းဒဏ်ခံရပြီး ပြန်လည်ထူထောင်ရေး မနည်းလုပ်နေချိန်ဆိုတော့ AA အနေနဲ့ကတော့ စပြီး စစ်ရေးလှုပ်ရှားမှု လုပ်မယ်မထင်ဘူး။ တိုက်ပွဲတွေဖြစ်လာရင် ပြည်သူက ပိုပြီးတော့ဒုက္ခရောက်မှာပေါ့။ နစက အနေနဲ့ကလည်း စစ်မျက်နှာတိုးချဲ့ချင်လိမ့်မယ်လို့ မထင်ဘူး။ ဒီဖက်ကိုပဲ အာရုံစိုက်ပြီး တိုက်ရမယ်ဆိုရင် သူ့အနေနဲ့ အဆင်ပြေတာပေါ့။ ပြောချင်တာက ရခိုင်ဒေသမှာတော့ တိုက်ပွဲတွေ ထပ်ဖြစ်လာမယ် မထင်ပါဘူး။

 

 မေး - ဒီလိုမိုင်းလားဆွေးနွေးမှု ငြိမ်းချမ်းရေးကိစ္စပြောဆိုတာတောင် ရလဒ်ကောင်း ထွက်မလာဘူး ဆိုတော့ ငြိမ်းချမ်းရေးအတွက် နောက်ထပ်ဘယ်လောက်အထိ မျှော်လင့်လို့ ရနိုင်ဦးမလဲ၊ အခုလည်း ဟိုနေရာ ဗုံးပေါက်၊ ဒီနေရာ ဗုံးပေါက်နဲ့။ မနေ့က ရန်ကုန်မြို့လယ်ခေါင် အခွန်ဦးစီးဌာနရုံးမှာ ဗုံးပေါက်တယ်။ ကယားပြည်နယ် ထဲမှာလည်း မနေ့က တနေကုန် တိုက်ပွဲဖြစ်တယ်၊ စစ်ကိုင်းတိုင်းဖက်မှာရောပေါ့၊ ငြိမ်းချမ်းရေး က ဘယ်လောက်မျှော်လင့်လို့ ရပါဦးမလဲဗျ။

 ဖြေ - အခု လက်နက်ကိုင် ပဋိပက္ခက နစက က NUG၊ PDF တွေနဲ့ပူးပေါင်းထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ဖြစ်နေတာပေါ့။ ဥပမာ အရင်က UWSA တို့ SSA တို့ RCSS တို့ကတော့ မပါဘူးပေ့ါနော်။ သူတို့ဖက်ကလည်း ၂၀၂၃ ကို အဆုံးအဖြတ်နှစ်လို့ရည်မှန်းပြီးတော့ တိုက်နေကြတဲ့နှစ်ပေါ့၊ ဒီကြားထဲ NUG၊ PDF တွေနဲ့ ဆွေးနွေးပါမယ်လို့ ကမ်းလှမ်းမယ်ဆိုရင်တောင် လက်ခံမယ့် အနေအထား မရှိဘူး။ နှစ်ဖက်စလုံးက လက်မခံတာပေါ့နော်။ နစကဖက်က NUG၊ PDFတွေကို အကြမ်းဖက်အဖွဲ့တွေလို့ သတ်မှတ်ထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ဆွေးနွေးမယ်ပေါ့။ NUG၊ PDF ကလည်း နစကကို အကြမ်းဖက်စစ်ကောင်စီလို့ သတ်မှတ်ထားတယ်။ မဆွေးနွေးနိုင်ဘူးလို့ ပြောထားတယ်။ အခုအခြေအနေက NUG ဖက်က သူတို့အသာစီးရလာတယ်လို့ ယူဆတယ်။  နစကဖက်က သဘောထားပြောင်းလာလို့ ဆွေးနွေးမယ်ဆိုရင်တောင် ဆွေးနွေးမယ် မထင်ဘူး။ ဆိုတော့ မြန်မာနိုင် ငံအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခက မငြိမ်းသေးဘူးလို့မြင်ပါတယ်။



 

 မေး - ၂၀၂၁ ဖေဖော်ဝါရီလကနေ အာဏာသိမ်းထားရာကနေ ပြည်တွင်းပဋိပက္ခမီးက တော်တော်လေးကို လောင်မြိုက်နေပါပြီမြန်မာ့ပြည်တွင်း ပဋိပက္ခကို တရုတ်ကကြားဝင်ဆောင်ရွက်ပေးမယ်ဆိုတဲ့အတွက် ညီနောင် ၃ဖွဲ့တို့ကလည်း ကြိုဆိုတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ မိုင်းလားဆွေးနွေးပွဲ ရလဒ် ကောင်းထွက်လာအောင် ဆောင်ရွက်မပေးနိုင်တဲ့ တရုတ်အစိုးရကို ကျွန်တော်တို့ နောက်ထပ်ရော ဘယ်အထိ မျှော်လင့်ရဦးမှာလဲ။ ပြည်တွင်းက မြန်မာတော်တော်များများကလည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတော့ အန်ကယ်အနေနဲ့ ဘယ်လိုမြင်မိပါလဲဗျ။

 ဖြေ - တရုတ်က မြန်မာ့ပြည်တွင်းရေးမှာ အထူးသဖြင့် အမေရိကန်က လက်နက်နဲ့ကူညီလာမှာ တောက်လျှောက် စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတာ။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်ရေးကိစ္စ ဆုံးဖြတ်ချက်ချချိန်ကတည်းက ဘုံသဘောတူညီချက် ၅ရပ်ကို သဘောတူတယ်။ ထောက်ခံတယ်။ ဒါပေမယ့် နိုင်ငံခြားက လက်နက်နဲ့ ဝင်ရောက်ကူညီမယ်ဆိုတာကို ဆန့်ကျင်ခဲ့တာ။  အခု ဒီမြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စဖြစ်လာတာလည်း ကြိုတင်ကာကွယ်ချင်တဲ့သဘောကြောင့် ဒီဆွေးနွေးပွဲကို ဖိအားပေးဆွေးနွေးခိုင်းတာပေါ့။ ဒီဆွေးနွေးပွဲပျက်တာကို တရုတ်က စိတ်ပျက်မှာပေါ့။ ထပ်ပြီးတော့ နိုင်ငံခြားစွက်ဖက်မှုလုပ်လာမယ့်အပေါ် မူတည်ပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေက သူတို့ဖာသာ သူတို့ မှောင်ခိုစျေးကွက်ကနေ ဖြစ်လာတယ်ဆိုရင် တရုတ်က သိပ်ပြီးတော့ စိုးရိမ်မှာတော့ မဟုတ်ဘူး။ နိုင်ငံတစ်ခုခုကနေ ထောက်ပံ့လာလိမ့်မယ်ဆိုရင် တော်တော်လေး သတိထားလိမ့်မယ်။ အထူးသဖြင့် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှာကို စိုးရိမ်တယ်။ ဒီဆွေးနွေးပွဲပျက်သွားတဲ့အပေါ် တရုတ်က ဘယ်လိုခြေလှမ်း လှမ်းမလဲဆိုတာ အများကြီး အရေးကြီးတာပေါ့နော်။ သူဘာထပ်လုပ်မလဲ ထပ်ပြီးတော့ တိုက်တွန်းမှာလား။ ခပ်မဆိတ်နေမှာလား။ အရင်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဦးနေဝင်းအစိုးရနဲ့ တိန့်ရှောင်ဖိန်က တိုက်တွန်းခဲ့ဖူးတယ်။ လက်ခံလိုက်တယ်။ ဆွေးနွေးပွဲဖြစ်လာတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက တိန့်ရှောင်ဖိန်ကို ကလန်ကဆန်ပြောပေမယ့် လက်ခံတွေ့ဆုံဆွေးနွေးလိုက်တယ်။ မလွဲသာလို့ ဆွေးနွေး လိုက်ရတယ်ပေါ့။ နောက် တိန့်ရှောင်ဖိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို ပစ်ထားလိုက်တယ်။ သူ့စကား နားမထောင်ဘူး၊ သူ့ရဲ့နိုင်ငံရေးအမြင်ကိုလည်း လက်မခံဘူးဆိုတဲ့အခါကျတော့ သူနဲ့ ဗမာပြည်ကွန်မြူ နစ်ပါတီကြားမှာ ဆက်ဆံရေးက တောက်လျှောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပျက်သွားတဲ့အထိပေါ့။ ဆက် ဆံရေးက မကောင်းတော့ဘူး၊ အဲဒီလိုသမိုင်းကြောင်းတော့ ရှိခဲ့တယ်။

 

 မေး - မိုင်းလားဆွေးနွေးပွဲကိစ္စ ဖြည့်စွက်ပြီးပြောချင်တာများရှိရင်ပြောပြပေးပါဦးဗျ။

 ဖြေ - အခုအနေအထားက နှစ်ဖက်စလုံးက စစ်ရေးအရ ကိုယ့်ဖက်ကသာနေတယ်လို့ ထင်တယ်၊ တစ်ဖက်ဖက်က ထုတ်ပြန်ချက်တွေပြောဆိုချက်တွေမှာလည်း သူတို့က အခြေအနေအရ စစ်နည်းဗျူဟာတွေ အပြောင်းအလဲလုပ်ပြီး စစ်ဆင်ရေးလုပ်နေရတယ်လို့ ပြောသွားတာရှိတယ်။ ဆိုလိုချင်တာက အရင်ကလို မြေပြင်တပ်တွေချီတက်ပြီးတော့ ရန်သူ့စခန်းတွေတိုက်ခိုက်သိမ်းပိုက်တာ နယ်မြေစိုးမိုးရေးလုပ်တာတွေက အလုပ်မဖြစ်ဘူးပေါ့နော်။ ဝေဟင်ကနေ အလစ်အငိုက် ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်တာလေကြောင်း ကနေပဲ အင်အားတွေအရွှေ့အပြောင်းလုပ်လာတယ်။ ဒီအင်အားတွေ သူတို့ဘယ်လောက် လုံလုံလောက် လောက်သုံးနိုင်မလဲဆိုတဲ့ဟာလည်း တည်တာပေါ့။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက အသာစီးရနေတယ်လို့ ထင်နေကြတဲ့အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ တိုက်တွန်းချက်တွေကတော့ ဘယ်ဖက်ကမှ သိပ်ပြီးတော့ လိုလိုချင်ချင် ဖြစ်လာမှာမဟုတ်ဘူး။

 

 မေး - အခုလိုဖြေကြားပေးတဲ့အတွက် အန်ကယ်ဦးရဲထွန်းကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ။

 ဖြေ - ဟုတ်ကဲ့။

 

_________________  နိရဉ္စရာသတင်းဌာန_______________

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး