သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

-


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

“တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့မှာ ဘာတွေဖြစ်နေလဲ”
အမ်းဒေသခံ အမျိုးသမီးတစ်ဦးနဲ့ ဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းထားသည်။


သဉ္ဇာနွယ် (အင်တာဗျူး) နိရဉ္စရာ၊ အောက်တိုဘာ ၁၅/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ မကွေးလေတပ်က လေယာဉ်တွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေနဲ့ အမ်းမြို့နဲ့ အနီးတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။ 

လက်ရှိ တိုက်ပွဲတွေဟာ အမ်းမြို့နဲ့ နီးကပ်လာတဲ့အတွက် အမ်းဒေသခံပြည်သူတွေဟာ ပြည်မဘက်သို့ အမ်း- မင်းဘူးလမ်းက တစ်ဆင့် ထွက်ပြေးစစ်ရှောင်နေကြတဲ့အတွက် လက်ရှိ မြို့လူဦးရေရဲ့ လေးပုံ သုံးပုံခန့်မှာ စစ်ဘေးရှောင်သွားကြပြီဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အမ်းမြို့ရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး အမ်းမြို့ခံအမျိုးသမီးတစ်ဦးကို နိရဉ္စရာက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး- လက်ရှိအမ်းမြို့အခြေအနေဘယ်လိုရှိနေပါလဲ။ တိုက်ပွဲအခြေအနေက ဘယ်လိုရှိနေပါသလဲ။ အသံတွေရော ကြားရပါလား။

ဖြေ- မနေ့က အောက်တိုဘာ ၁၄ ရက် နေ့က တစ်ရက်လုံး လေယာဉ်တွေနဲ့ ဗုံးလာကြဲတယ်။ လေယာဉ်က ကိုယ်တွေရဲ့ အိမ်ခေါ်မိုးပေါ်က ဖြတ်သွားပြီး မြို့နဲ့အနီးဆုံးနေရာတွေကို ဗုံးကြဲလို့ အစ်မတို့ ပုန်းနေရတယ်။ တကယ်ကြောက်တယ်။ အရင်ကထက် မြို့နဲ့နီးနီးကပ်ကပ်ကိုကြားရတာ။ ဘယ်နေရာတွေကို ကြဲနေလဲအတိအကျမသိပေမယ့် တကယ့်ကို နီးနီးလေးပါ။ အစ်မငိုတောင် ငိုမိတယ်။ နှလုံးရပ်မတန့်ဘဲ ကြောက်မိတာ။ အေအေကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ စစ်တပ်ကတော့ ထပ်ပြီးဗုံးကြဲတယ်။ အဲသလို အပြန်အလှန်ဖြစ်နေကြတာ။ မနေ့ညကလည်း  ည ၁၂နာရီ ၁နာရီထိ လက်နက်ကြီး လက်နက်ငယ်ပစ်သံတွေကို နီးနီးက ကြားရတယ်။ တညလုံး မအိပ်နိုင်ဘူး။

မေး-အမ်းမြို့ရဲ့ဘယ်နေရာတွေကို လေယာဉ်နဲ့ဗုံးကြဲတယ်လို့ ကြားမိပါသလဲ။

ဖြေ-အဓိက စစ်တပ်က သူတို့ရဲ့ စစ်တပ်ပတ်ဝန်းကျင်တွေကို ဦးတည်ပြီးပစ်နေတာ။ စစ်တပ်နဲ့ ကပ်နေတဲ့ရွာတွေလည်း မနည်းဘူးရှိတာ။ အမ်းမှာက နပခ၊ ခမရ- ၃၇၃၊ ခမရ-  ၃၇၁ ၊ COD၊ အမြောက်တပ်၊ ဆေးတပ်တို့ရှိပါတယ်။ ဗုံးကြဲတာကတော့  မြို့ကို လေးဘက် ပတ်ပတ်လည်က စုံအောင်ကြဲတာဘဲ။ ဒါးလက်ရွာဘက်တွေလည်း ကြဲတယ်လို့ ကြားတယ်။ သူတို့လေယာဉ်က ကြဲတဲ့ဗုံးသံက မြို့ပေါ်က မြေကြီးတွေတောင်တုန်တယ် ထိန့်သွားတယ်။ တော်တော်လေး မြို့နဲ့ အနီးဆုံးကြဲနေတာ။ တပ်အနီးအနားပတ်ဝန်းကျင်က ရွာတွေကို ကြဲတာက သူတို့စစ်တပ်ထဲကို အေအေက ဝင်ရောက်မတိုက်ခိုက်နိုင်အောင် ကြဲနေတယ်လို့ထင်တယ်။ ကျမ အထင်ပြောတာပါ။

မေး- လက်ရှိမြို့ခံတွေရဲ့အခြေအနေကဘယ်လိုရှိပြီလဲ။ စစ်ရှောင်သွားကြပြီလား။

ဖြေ-ဒီရက်ပိုင်းစစ်ရှောင်ကြတယ်။ ကုန်စုံဆိုင်ရောင်းတဲ့သူတွေဆို ပစ္စည်းတွေကို ဈေးလျော့ရောင်းပြီး ပြည်မဖက်ကို ထွက်ဖို့ပြင်နေကြတယ်။ ဆိုင်ကယ်တစ်စီးကို ၂သိန်းနဲ့ ရောင်းကြတယ်။ အရင်က ၁၀ သိန်းလောက်တန်တဲ့ဟာက အခု နှစ်သိန်း သုံးသိန်းနဲ့ ရောင်းပြီး စစ်ရှောင်ကြရတယ်။ လူတွေက  အရမ်းကြောက်ကြတော့ အခုဆိုရင် မြို့ကနေစစ်ရှောင်ဖို့  ထောက်ခံစာယူတဲ့နေရာမှာ လူတွေ အများကြီး တန်းစီးရတဲ့အဆင့်ကို ရောက်နေတယ်။

မေး-ထောက်ခံစာကဘာကြောင့်ယူရတာလဲ။ ဘယ်လောက်ကြာပါသလဲ။

ဖြေ- အရင်ဆုံး ဆေးထောက်ခံစာတစ်ရွက်ကို တစ်သောင်းတစ်ထောင်။ ပြီးတော့ အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ရဲထောက်ခံစာ၊ လဝကထောက်ခံစာ အများကြီးဘဲယူရတာ။ ဒါတောင် တစ်ရက်ထဲနဲ့ မရဘူး။ လူများလို့ အနည်းဆုံး တစ်ပတ်ကြာတယ်။  ပြည်သူတွေကို အမ်းမြို့နယ်ဖက်ကို ရှောင်ခွင့် မပေးဘူး။ လမ်းတွေပိတ်ထားတယ်။ မင်းဘူးကိုရှောင်ဖို့ကျတော့လည်း အလွယ်တကူ သွားလို့မရဘူး။ အမျိုးမျိုးထောက်ခံစာတွေတောင်းတယ်။ ပိုက်ဆံက လူတစ်ယောက်ကို ထောက်ခံစာပါ၊ ကားခ စရိတ် ပါဆိုရင် တစ်သိန်းနီးပါးကုန်တယ်။ သူတို့ တောင်းတဲ့ စာရွက်တွေကို  မိတ္တူဆွဲရင် စာရွက်တစ်ရွက်ကို သုံးစောင်ဆွဲရတယ်။ မိတ္တူဖိုး ၄ ထောင်ကုန်တယ်။ လူတစ်ယောက်ကို။

မေး- စစ်ဘေးရှောင်ရတာရော အခက်အခဲတွေရှိလား။ မင်းဘူးကနေ အပြင် တစ်ခြားနေရာတွေကို သွားလို့ရတယ်လို့ကြားမိလား။

ဖြေ-ဆွေမျိုးမရှိရင် သိပ်အဆင်မပြေဘူး။ အမ်းကလူ‌တွေအကုန်လုံး။ ပဒါန်းတို့မင်းဘူးတို့ကို ရှောင်ကြတယ်။ မင်းဘူးထက်ကျော်လို့မရဘူးတဲ့။ မင်းဘူးထက်ကျော်ရင် ၁၁ မျဉ်းစောင်းတွေကို အရမ်းစစ်တာ၊  ဝင်ခွင့်မပေးဘူးလို့ ပြောတယ်။ 

မေး- ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ခုလို ဖြေကြားပေးတာ။
ဖြေ- ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

(ပြီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၃၁ ဇူလိုင် ၂၀၂၄
အင်တာဗျူး