ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကရင်နီပြည်နယ်၌ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၆ ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၂ ဦးသေဆုံးပြီး KNDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂၀၂၃

 

ကရင်နီပြည်နယ်၌ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (တစ်လ) အတွင်း တိုက်ပွဲပေါင်း ၃၆ ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ လက်အောက်ခံ တပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး  KNDF ရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDF)က ထုတ်ပြန်သည်။

 

စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ဒုတိယအပတ်က ကရင်နီပြည်နယ်ထဲမှ ဒီးမော့ဆို မြို့နယ်၊ စံပြ (၆) မိုင်ဘက်မှ စတင်၍ ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ကြောင်း အဆိုပါထိုးစစ်ဆင်မှုမှ တဆင့် ဇရပ်ဖြူကျေးရွာ၊ နန်းဟူကျေးရွာ၊ လွိုင်ကော်အရှေ့ခြမ်း၊ ရှားတော ကျေးရွာများအထိ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။  

 

စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ကရင်နီတပ်မတော် KAKNDF နှင့် ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းအဖွဲ့ မှလည်း ပြန်လည် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 

ကရင်နီ ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးမှ ဗျူဟာမြောက် မယ့်စလောင်းတောင် စခန်းအား သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၅)ဦးသေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်းကို KNDF က ထုတ်ပြန်ထားသည်။

 

ထိုကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြု ဗုံးကျဲတိုက်ခိုက်မှုများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့် ကရင်နီ ပူးပေါင်းအဖွဲ့များပြန်လည်ပြီး စစ်ကောင်စီ၏ တပ်ရင်းများ၊ ကင်းပုန်းစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ရှေ့တန်းစခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည့်အတွက် ၁ လအတွင်း တိုက်ပွဲပေါင်း (၃၆)ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

၎င်းတိုက်ပွဲများကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ် နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် (၅) လုံး ဘုန်းကြီးကျောင်း(၂)ကျောင်း နှင့် စေတီတစ်ဆူ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

ထိုအပြင် အရပ်သား (၁)ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNDF မှ ရဲဘော် (၅) ဦး ကျဆုံးခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

 

(NN - 25) ဓာတ်ပုံ - ဇန်နဝါရီလ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲကြောင့် ပျက်စီးမှု့ တစ်ချို့

ဆက်စပ် သတင်းများ