ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

KNU တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီက ညအချိန် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.3k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/၂၀၂၃

 

KNU တပ်မဟာ ၅ နယ်မြေကို ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီက   လေယာဉ်များဖြင့် ဗုံကြဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်များ၊ စာသင်ကျောင်း၊ အဆောက်အဦးများ၊ ဈေးဆိုင်များ၊ စပါးကျီ၊ ဆန်စက် တို့ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

တပ်မဟာ ၅ နယ်မြေထဲရှိ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာနှင့် ထော့ထီးပယ်ကျေးရွာများကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ နှင့် ၁၅ ရက်နေ့တို့တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

 ေဖော်ဝါရီလ(၁၄)ရက်၊ ည  ၁၀ နာရီအချိန်တွင်  စစ်ကောင်စီတပ်၏ တိုက်လေယာဉ်(၃)စင်းမှ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး(၆)လုံးအားလာရောက် ကြဲချခဲ့ရာ နေအိမ်(၆)လုံးမှာထိမှန်ပြီး မီးလောင်ပြာကျပျက်စီးသွားခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

အလားတူ  ဖေဖော်ဝါရီလ (၁၅) ရက်နေ့ည (၂၃:၃၀) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်(၃)စင်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု အတွင်းရှိ ထော့ထီးပယ်ကျေးရွာအတွင်းသို့ တိုက်လေယာဉ်တစ်စင်းလျှင် ဗုံးသီး(၂)လုံးနှုန်းဖြင့် စုစုပေါင်း ဗုံးသီး (၆)လုံး လာရောက်ကြဲချခဲ့သည်ဟု သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အဦး (၇)လုံးပါရှိသည့် စာသင်ကျောင်း (၁) ကျောင်း၊ နေအိမ် (၆) လုံး၊ ဈေးဆိုင် (၃) ဆိုင်နှင့် စပါးကျီ (၂) လုံးအားထိမှန်ကာ မီးလောင်ပြာကျသွားပြီး လယ်ထွန်စက် (၄)စီး၊ ဆိုင်ကယ်(၂)စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင် (၁)ချပ်နှင့် ဆန်စက်(၁)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

 

အဆိုပါဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျေးရွားများရှိ ကာလတန်ကြေးအနေဖြင့် ထိုင်းငွေကြေး ဘတ် (၃) သန်းကျော်ဖိုး ရှိကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

 

ထော့ထီးပယ်ကျေးရွာ ဒေသခံ တစ်ဦးက "ဒီဘက်တွေကို လေကြောင်းကပဲ တိုက်ခိုက်နိုင်တာလေ၊ အသင့်တော့ရှိနေရတာပေါ့။ အသက်တော့ လွတ်တာပေါ့ လွတ်လို့ အခုလိုဆက်သွယ်နိုင်တာလေ။ အိမ်တွေ၊ စျေးဆိုင်တွေ မီးလောင်သွားတယ်။ ဗုံးထိတာဆိုတော့"ဟု ပြောသည်။

 

စစ်ကောင်စီမှ KNU နယ်မြေ တပ်မဟာ (၅) နှင့် တပ်မဟာ (၆) အတွင်း ဇန်နဝါရီလ (၁) လ တည်း အကြိမ် ၆၀ နီးပါး လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KNU ဗဟိုကပြောသည်။

 

ဖေဖော်ဝါရီ (၁၅) ရက်ကလည်း KNU တပ်မဟာ (၃) နယ်မြေ၊ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။  (NN - 25)

 

ဓာတ်ပုံ - ဒေဘုနိုကျေးရွာနှင့် ထော့ထီးပယ်ကျေးရွာများပျက်စီးမှု (KNU)

ဆက်စပ် သတင်းများ