ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရေတာရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး ၎င်းတို့ခိုးယူလာသည့် ရွှေထည်များသိမ်းဆည်းရမိခဲ့ကြောင်း Bago Region PDF ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၀/ ၂၀၂၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး ၎င်းတို့ ပြည်သူများထံက ခိုးယူလာသည့် ရွှေထည်များ သိမ်းဆည်းရမိခဲ့ကြောင်း Bago Region PDF က ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

"ကျနော်တို့ ဆီမှာလဲ ထုတ်ပြန်ဖားပါတယ်။ စစ်ခွေး ၃၀ လောက်ရှော့လိုက်နိုင်တယ်ပေါ့။ ပြီးတော့ ဒီကောင်တွေခိုးယူလာတဲ့ ရွှေထည်ပစ္စည်းတွေလဲ သိမ်းဆည်းရခဲ့သေးတယ်"ဟု Bago Region PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရေတာမြို့နယ်ထဲရှိ ဇရစ်ရိုးကုန်းကျေးရွာနှင့် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေး တစ်လျှောက်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း တို့ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ တပ်သားများဆီမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွင် MA3 (၄)လက်၊ MA11 (၂)လက်၊ MA2 (၁)လက် ၊ ကျည်ဘောက် (၁၈) ခု၊ ကျည် (၅၂၀) တောင့် နှင့် (၆၀)မမဗုံးသီး (၂)လုံး တို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထိုအပြင် လက်ကောက် (၂)ကွင်း၊ဆွဲကြိုး (၁)ကုံး၊လက်စွပ်(၁)ကွင်း နှင့် ဖုန်း (၃)လုံးသိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရှိရသည်။

"ဒီရွှေထည်တွေကတော့ ခိုးလာတဲ့သူတွေကတော့ ဘယ်ရွာ ဘယ်နားကလဲဆိုတာသိတာပေါ့။ ကျနော်တို့အနေနဲ့တော့ ပိုင်ရှင်အမှန်ဆီ အမြန်ဆုံးပြန်ပေးအပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်"ဟု Bago Region PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ ၏ သေဆုံးထိခိုက်စာရင်းအား အတိအကျရရှိရန် အခက်ခဲရှိပြီး စစ်ကောင်စီ၏ လပစ်ခတ်မှု၊ ဖမ်းဆီးနှိပ် စက်မှုများကြောင့် ဒေသခံ (၂)ဦး သေဆုံးခဲ့ကာ (၂)ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်းသိရသည်။

တော်လှန်ရေးကာလအတွင်း စစ်ဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်မှုများရရှိနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း Bago Region PDF တပ်ဖွဲ့က ပြောဆိုထားသည်။

 (NN - 25) ဓာတ်ပုံ - သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ (တောင်ငူခရိုင် PDF တပ်ရင်း)

ဆက်စပ် သတင်းများ