ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်ခွဲမှုးအပါအဝင် ၅ ဦး အရှင်ဖမ်းမိထားကြောင်း ကရင်နီတပ်မတော်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၃

ကယားပြည်နယ် မယ်စဲ့မြို့နယ်ထဲတွင် ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ကွန်မန်ဒိုတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ တပ်ခွဲမှုးအပါအဝင် ၅ ဦး ကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထား သည်။

လတ်တလောတွင် ၎င်းတို့ ၅ ဦးကို ကရင်နီတပ်မတော် တပ်ရင်း ၁ တွင် သုံ့ပန်းအဖြစ်နှင့် ဖမ်းဆီးထားပြီး ခေါင်းဆောင်များက ပြန်လွှတ်ပေးရန် စီစဉ်နေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန် ရေးအဖွဲ့ ခူညေးရယ်က နိရဉ္စရာကို ပြောသည်။

‘’သူတို့က တပ်ရင်း (၁) ရဲ့ ရုံးမှာပဲရှိသေးတယ်၊ ခေါင်းဆောင်တွေကတော့ ပြန်လွှတ်မယ်လို့ပြောတာပဲ၊ လွှတ်ရင်လည်း သူတို့က မပြန်ရဲဘူးလေ၊ KNDF ထဲ ဝင်မလား နည်းလမ်းတွေတော့ရှိတာပေါ့လေ၊ အရပ် သားအနေနဲ့ သူတို့ထိုင်းဖက်အလုပ်သွားလုပ်မလား၊ အထဲပြန်ဝင်မလား၊ ပြန်လို့တော့သူတို့အတွက် မချောင်ဘူး’’

ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်ကောင်စီတပ် ခလရ (၅၄) က အင်အား (၃၀) ခန့်ကို ဟွေ့မာကော်နှင့် ဟွေ ခွန်းမောင်းဆိုသည့် နေရာကြားတွင် ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ခူညေးရယ်က ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တပ်ခွဲမှူး ဗိုလ်ကြီး မြင့်မောင်မောင်ထွန်း၊ တပ်ကြပ်တစ်ဦးနှင့် တပ် သား ၃ ဦး စုစုပေါင်း (၅) ဦး တို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကိုင်ဆောင်လာသည့် MA လက်နက်မျိုးစုံ (၁၀) လက်နှင့် ကျည်ဆံ၊ ခဲယမ်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်းလည်း ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် လိုက်လံရှင်းလင်းရာတွင် စစ်ကောင်စီအလောင်း (၆) လောင်း တွေ့ခဲ့ကြောင်းနှင့် KA တပ်ဖက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းလည်းဆိုသည်။

ပွင့်လင်းရာသီရောက်ချိန်တွင် ဘော်လခဲနှင့် မယ်စဲ့မြို့နယ်ထဲကို စစ်ကောင်စီတပ်များက လက်နက်ရိက္ခါ၊ ခဲယမ်းများ လာပို့ရာမှ ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတိုက်ပွဲဖြစ်ပြီးနောက် စစ် ကောင်စီဖက်က ရိက္ခါထပ်မံလာပို့ခြင်းမရှိတော့ကြောင်းလည်း ခူညေးရယ်က ပြောသည်။

Photo ; KMIC

ဆက်စပ် သတင်းများ