သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားပြီးနောက် တီးတိန်ပြည်သူ့ဆေးရုံကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များထွက်ပြေးသွားကြောင်း PDF Zoland ကသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ မတ် ၁၃/ ၂၀၂၃

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က တီးတိန်ပြည်သူ့ဆေးရုံကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်းအချို့ကို စွန့်ခွာထွက်ပြေးသွားခဲ့ရကြောင်း PDF Zoland က ထုတ်ပြန်သည်။

 

စစ်ကောင်စီတပ်နှင့် PDF Zoland တို့သည် မတ်လ ၁၂ ရက်နေ့ ညပိုင်းက ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီကျော် အကြာ အပြီးတွင် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းမီးကျောက်အချို့ကို စွန့်ခွာ ထွက်ပြေးသွားခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

ဆေးရုံတက်သူတွေ၊ လူနာတွေတော့ရှိတာကြတာပေါ့။ ဒါပေမယ့် ကျနော်တို့ အဓိက ထားတာက သူတို့နေတဲ့ နေရာကိုပဲ မစ်ရှင်းလုပ်ခဲ့တာပါ။ ကင်းတွေဘာတွေချထားတာကလည်း သူတို့ ဗိုလ်ကြီးတွေနေရာတဲ့နေရာ ကိုပဲပေါ့နော့်။ အဲ့တော့ လူနာတွေထိခိုက်မှုတော့မရှိဘူးဟု PDF Zoland ပြန်ကြားရေးတာဝန်ခံ ကိုဂျော်နီက ပြောသည်။

 

ယခုကဲ့သို့ ဆေးရုံအတွင်း ဝင်ရောက်တိုက်ခိုက်မှု မပြုလုပ်စဉ် စစ်ကောင်စီ၏ လှုပ်ရှားနေထိုင်မှု ပုံစံများအား အသေးစိတ်လေ့လာပြီး ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း၎င်းက ပြောသည်။

 

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်က တီးတိန်ရဲစခန်းမှ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ကြောင်း သိရှိရသည်။

 

ညကတော့ ရပ်ကွက်ထဲ နည်းနည်း ဆူညံပြီး စိတ်ပူကုန်တာပေါရှင်။ မနက်ကျ တစ်ယောက် လက် နက်ထိတယ်ကြားတယ်။ အဲ့ဒါလဲ စစ်သားတွေ ရမ်းပစ်လို့ပါ။ အန်မလေး PDF တွေက လုပ်တော့မယ်ဆို သေချာ တွက်ချက်ပြီးလေ့လာပြီးမှ လုပ်တာမြင်နေရတာပဲ၊ ဆေးရုံမှာလဲ တစ်ခြား ပြည်သူတွေထိခိုက်တာလို့တော့ မကြားမိပါဘူးဟု ဆေးရုံပတ်ဝန်းကျင် နေထိုင်သူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်များထံမှ လက်နက်ခဲယမ်းများနှင့် ၎င်းတို့ ကျန်ရှိထားရစ်ခဲ့ရသည့် ပစ္စည်များ သိမ်းဆည်းရမိ မှုများကိုလည်း PDF Zoland အဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖြန့်ဝေထားသည်။

 

PDF Zoland အဖွဲ့သည် တီးတိန်မြို့နယ်နှင့် ကလေးမြို့နယ် (မြောက်ပိုင်း) ဒေသများတွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များကို အဓိကထား နှိမ်နင်းနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်းသိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - တီးတိန်ဆေးရုံ စစ်ကောင်စီ တပ်သားများထံမှ သိမ်းဆည်းရမိမှု (PDF Zoland ထုတ်ပြန်)

ဆက်စပ် သတင်းများ