စနေ၊ ဇူလိုင်လ ၆ရက်၊ ၂၀၂၄

လားရှိုးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မိသားစု (၆)ဦးအပါအဝင် ၇ ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 350

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလှိုင် ၃/ ၂၀၂၄

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လားရှိုးမြို့ရှိ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ရာ ကလေးငယ်များအပါအဝင် မိသားစုဝင် (၆)ဦးစလုံးနှင့် နောက်ထပ် အရပ်သားတစ်ဦးတို့  ပွဲချင်းပြီးသေဆုံး ခဲ့ကြောင်းPSLF/TNLA က ဇူလိုင် ၃ ရက် တွင်သတင်းထုတ်ပြန်သည်။

တအာင်းပြည် တပ်မဟာ (၆) စစ်ဒေသ လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်မှ  လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် မိသားစုဝင် (၆)ဦးအပါအဝင် အရပ်သား (၇) ဦးသေဆုံးပြီး (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် လားရှိုးမြို့ ရပ်ကွက် (၁)ရှိ နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအိမ်အတွင်းရှိ မိသားစုဝင် (၆) ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အလားတူ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်အိမ်အပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသား (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PSLF/TNLA၏သတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ကလေးငယ်များ အပါအဝင် လူ ၆ ဦး လားရှိုးတွင် လက်နက်ကြီးကျ၍ သေဆုံးရမှုမှာ ၎င်းတို့နှင့် သက်ဆိုင်မှုမရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောနေကျအတိုင်း ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ