- Web Master
- ၂၈ ဇူလိုင် ၂၀၂၃
သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၇/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်မှ မူလတန်းပြဆရာကို စစ်တပ်က ပုဒ်မ ၂ခုဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။
ကျောင်းဆရာနေဇော်လင်းအား သြဂုတ်လ ၇ ရက်နေ့တွင် အကြမ်းဖက်မှု ပုဒ်မ ၅ဝ(က)၊ ထိမ်ချန်မှုပုဒ်မ ၅၂(က) တို့ဖြင့် ဘူးသီးတောင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုလိုက်ခြင်း ဖြစ်ကြောင်း လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဝင်းက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။
“ညောင်ချောင်းနယ်မြေရဲစခန်းက တရားလိုလုပ်ပြီး တိုင်ထားတယ်လို့ မနေ့က အကြောင်း ကြားစာ ရောက်တယ်။ ကျနော်တို့ အနေနဲ့ကတော့ မိခင်ဌာနလည်း ဖြစ်သလို နောက်ပြီးတော့ ကျောင်းဆရာ တစ်ယောက် ဝန်ထမ်းတစ်ယောက်လည်း ဖြစ်တဲ့အတွက်ကြောင်း မို့လို့ သူ့အမေ အဖေကို အသိပေးသင့်တာပေါ့နော်။ နောက်တစ်ခုက တွေ့ခွင့်လည်း ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ဦးသိန်းထွန်းဝင်းက ပြောသည်။
ယနေ့ ဆရာနေဇော်လင်းအား တရားရုံးထုတ် ရမန်ယူခဲ့ကြောင်း၊ တွေ့ခွင့်လည်း မရရှိခဲ့ကြောင်း ဦးသိန်းထွန်းဝင်းက ပြောသည်။
ကျောင်းဆရာနေဇော်လင်းသည် ပြင်ချောင်းကျေးရွာမှ ကြာညိုပြင်သို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသည့် ကျောင်းသားကျောင်းသူများအား စာသင်ပေးနေသူဟု သိရသည်။
၎င်းအား သရက်ပြင်ကျေးရွာမှ ကလေးများအားလည်း လာရောက်သင်ကြားပေးရန် တောင်းဆိုသည့် အတွက် သွားရောက်ကျူရှင်ပြပေးပြီး ပြန်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်း က ပြောပြချက်အရ သိရသည်။
ကျောင်းဆရာ နေဇော်လင်း ဖမ်းဆီးတရားစွဲဆိုခံရခြင်းနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုလိုက်ခြင်းအား ကြားသိရကြောင်း ပြောသည်။
ကျောင်းဆရာ နေဇော်လင်းသည် သြဂုတ်လ ၅ ရက် နံနက် ၉နာရီခန့်က သရက်ပြင်ကျေးရွာမှ စာပြပြီး ကြာညိုပြင်သို့အပြန် လမ်းတွင် စစ်ကြောင်းတစ်ခုနှင့်တွေ့သည့် အချိန်တွင် ဖုန်းဆက် စကားပြောနေသည့် အတွက် မသင်္ကာဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကြာညိုပြင်ကျေးရွာ ကျောင်းဆရာတစ်ဦး ကပြောသည်။