တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံရသည့်ကျောင်းဆရာ ပြန်လွှတ်လာမည်ဟု မျှော်လင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ်၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ အကြမ်းဖက်မှုဖြင့် တရားစွဲဆို ခံထားရသည့် မူလတန်းပြကျောင်းဆရာ နေဇော်လင်းသည် မည်သည့် အမှား၊ အပြစ် တစ်စုံ တစ်ရာ လုပ်မထားသည့်အတွက် ပြန်လည်လွတ်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း သူနှင့် လုပ်ဖော်ကိုင်ဘက် ကျောင်းဆရာတစ်ဦးက ပြောသည်။

သြဂုတ် ၂ဝ ရက်နေ့ ကိုနေဇော်လင်းအား ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် သွားရောက်တွေ့ဆုံခဲ့သည့် ၎င်းကျောင်းဆရာက နိရဥ္စရာသတင်းဌာနသို့ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ်ရမန်ထပ်ယူပါတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်လည်းရခဲ့ပါတယ်။ ကျန်းမာရေးလည်း လန်းလန်းဆန်းဆန်းတွေ့ရပါတယ်။ သူက ဘာမှလုပ်ထားတာမရှိဘူး။ သူကလည်း ပြောတယ် ကျနော်ဘာမှမသိဘူး။ ဘာမှလည်း ဥပဒေနဲ့ မညီတာကို လုပ်ထားတာမရှိဘူး။  အဲ့ဒါကြောင့် ပြန်လွှတ်မယ်လို့ ပြောပါတယ်” ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းဆရာ နေဇော်လင်းအား မနေ့က တရားရုံးအချုပ်ခန်းထဲတွင် တွေ့ခွင့်၊  စကားပြောခွင့် ရခဲ့ကြောင်း၊ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်းကြောင်း၊ ထိုသို့တွေ့ခွင့်ရခဲ့သော်လည်း လက်ထဲတွင် မည်သည့်ပစ္စည်းမှ လက်ပူးလက်ကြပ်မမိဘဲ အကြမ်းဘက်မှုဖြင့် တရားစွဲ ဆိုထားသည့်အပေါ် အလွန့်အလွန် ရင်ထုမနာ ဖြစ်ရကြောင်း၊ စိတ်မကောင်းဖြစ် ဝမ်းနည်းမိကြောင်း ဖခင်ဖြစ်သူ ဦးကျော်သန်းက ပြောသည်။

“ကျနော့်သားလေး ဘာကြောင့် စစ်ဆေးခံနေရလဲ ဆိုတာကို ကျနော်တို့ မိသားစုသိရတာကတော့ သူ့ကို တံတားမှာတွေ့ပြီး ဖုန်းကို စစ်ဆေးတဲ့အခါ ဖုန်းကို မတ်ဆေ့ရှ် တစ်ခုဝင်တယ်လို့  သူတို့က ပြောကြပါတယ်။ ဖုန်းကို မတ်ဆေ့ရှ် တစ်ခုဝင်လို့ မသင်္ကာလို့ ဖမ်းတယ်။ စစ်တယ်လို့ပြောပါတယ်။ ဘာမတ်ဆေ့ရှ်လဲ ဆိုတာမသိဘူး။ အဲ့ဒီ မတ်ဆေ့ရှ် ကို ကျနော်တို့ကိုလည်း မပြဘူး။ ကြည့်ခွင့်လည်း မရဘူး” ဟု ဦးကျော်သန်းက ပြောသည်။

ယနေ့ ကျောင်းဆရာနေဇော်လင်းအား ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ရုံးထုတ် ချုပ်ရမန် ထပ်ယူပြီး လာမည့် စက်တင်ဘာလ ၃ ရက်နေ့တွင် ရုံးတင်မည်ဟု ကြားသိရကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးသန်းဖေက ပြောသည်။

ဦးသန်းဖေက “ရုံးထုတ်တဲ့အချိန် ကျနော်တို့ မသွားဖြစ်ပါဘူး။ ကျနော်တို့က တရားသူကြီးနဲ့ နည်းနည်းမေးကြည့်ထားတာပါ။ ပထမရမန် ကုန်သွားလို့ နောက်ထပ်ချုပ်ရမန် ထပ်ယူတဲ့ သဘောပါ” ဟုပြောသည်။

ကျောင်းဆရာနေဇော်လင်းသည်  သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က သရက်ပြင်ကျေးရွာမှ စာပြပြီး ကြာညိုပြင်သို့ အပြန်လမ်းတွင် သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကာ ဘူးသီးတောင် မြို့နယ် ညောင်ချောင်းနယ်မြေရဲစခန်းက တရားလို လုပ်ပြီး သြဂုတ်လ ၇ ရက်နေ့တွင် အကြမ်းဖက်မှု ပုဒ်မ ၅ဝ(က)၊ ထိမ်ချန်မှု ပုဒ်မ ၅၂(က) တို့ဖြင့် ဘူးသီးတောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ