တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

၅ လကျော်ကြာမှ စတင်စစ်ဆေးမည့်အမှု တရားလိုမရောက်၍ ပထမဆုံးရုံးချိန်းမစစ်ဆေးရပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ်၂၁/ ၂ဝ၁၉

အကြမ်းဖက်မှု ၅၂ (က) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာသားများအပါအဝင် လူ ၁၂ ဦး အမှုအား ၅ လကျော်အကြာ ယနေ့တွင် စတင် စစ်ဆေးရန် ရုံးချိန်းထားသော်လည်း တရားလိုရဲအရာရှိနှင့် တရားလိုသက်သေများ မရောက်၍ အမှုအား မစစ်ဆေးရဘဲ ထပ်မံ ရွေ့ဆိုင်းခဲ့ရကြောင်း သတင်းရရှိသည်။

၎င်းတို့သည် ၁၂ ဦးသည် မတ်လ ၁၂ ရက်နေ့ကတည်းက မြောက်ဦးမြို့နယ်တွင် ဖမ်းဆီး ခံထားကြရသူများဖြစ်ကြသည်။

စစ်တွေမြို့နယ်တရားရုံးတွင် ယနေ့  နေ့လယ် ၂ နာရီခန့်က ၎င်းအမှုအား ပထမအကြိမ် စစ်ဆေးရန် ရုံးချိန်းချိန်းထားသော်လည်း တရားလိုနှင့် တရားလိုသက်သေများ မရောက်သောကြောင့် ရုံးချိန်းအား လာမည့်  သြဂုတ်လ ၂၈  ရက်နေ့ကို ထပ်ချိန်းလိုက်ကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

 “တရားလိုကတော့ တစ်ယောက်တည်းပေါ့နော်။ မြောက်ဦးမြို့မရဲစခန်းက ဒုရဲမှူးအောင်သူရပါ။ တရားလို သက်သေတွေထဲလည်း ရဲအရာရှိတွေပါသလို တပ်မတော်က ဗိုလ်ကြီးနှစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးတို့ ပါတယ်။ တရားလိုရော တရားလိုသက်သေတွေရော မရောက်ဘူး။ တချို့က စစ်ဆင်ရေး လုပ်နေရတဲ့အတွက်ကြောင့် တရားရုံးကို မလာနိုင်ဘူးလို့ ပြောပါတယ်။ တချို့ကျတော့လည်း အကြောင်းမကြားဘူးပေါ့နော်။ ရဲအရာရှိတွေက မြောက်ဦးရဲစခန်းတို့၊ ကျောက်တော်ရဲစခန်းတို့၊ ပုဏ္ဏားကျွန်း ရဲစခန်းတို့က အဲသလိုမျိုးတွေ့ရတာပေါ့နော်”ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောင်းတောင်အမှုတွင် စုစုပေါင်း ၁၂ ဦးပါဝင်ပြီး မြောက်ဦးမြို့နယ် ကျောင်းတောင် ကျေးရွာ၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာ၊ စစ်တွေမြို့မှ လူနာလာတင်သူ ကားဆရာနှစ်ဦးလည်း ပါဝင်သည်။

၄င်းတို့သည်  မင်းပြားမြို့နယ်၊ ပန်းမြောင်း သပေါ့စာမှ ငှက်ဖျားဖြစ်သူ လူနာ လှမောင်ဝင်း (၂၃) နှစ်အား ဆေးကုသရန် မှာ  မြောက်ဦးဆေးရုံသို့ ယူဆောင်လာစဉ် စစ်တပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသူများဖြစ်သည်။ လူနာလှမောင်ဝင်းမှာ ဖမ်းဆီးစစ်ဆေးစဉ်အတွင်း  သေဆုံးသွားခဲ့သည်။

“တရားလိုသက်သေက တစ်ယောက်ဘဲရောက်တယ်။ တစ်ယောက်တည်း ရောက်တဲ့ အတွက် ဒီအမှုက ဘယ်လိုမှ စစ်ဆေးလို့မရဘူးလေ။ အဲဒါကြောင့် နောက်အပတ် စစ်ဆေးဖို့ ပြန်ချိန်း လိုက်ပါတယ်။ သက်သေတွေ က ရောက်မလာတော့ အမှုကကြန့်ကြာနေဦးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က အရပ်သားသက်သေတွေ ဆင့်ခေါ်ဖို့အတွက် ရုံးတော်ကို လျှောက်ထားခဲ့ကြပါတယ်”ဟု သူကဆက်ပြောသည်။

ယခုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူများအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါ ၁၂ ဦးမှာ မတ်လ ၁၂ ရက်နေ့က သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ရုံးချိန်း (၁၃) ကြိမ်ထိတက်ခဲ့ရကာ ယနေ့ ပထမအကြိမ် စစ်ဆေးမှုပြုလုပ်ရန် ရုံးချိန်းထားရာမှ တရားလိုမရောက်၍ ထပ်မံရုံးချိန်းခံခဲ့ကြရခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ