သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် လူသုံးဦးအသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၁ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် လူသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

၎င်းတို့ သုံးဦးမှာ ခေါင်းဖြတ်အသတ်ခံရသည်ဟု ဒေသခံ မျက်မြင်များက ပြောကြားသည်။

၎င်းတို့မှာ မြေပုံမြို့နယ် ကမ်းထောင်းကြီး မြို့မှ ဦးညီညီထွေး(၄ဝ နှစ်)၊ အမ်းမြို့နယ် သဲကမ်းထောင်း ကျေးရွာမှ ဦးမောင်လုံး (၄ဝ နှစ်)နှင့် မဲလက်မောင်းကျေးရွာမှ ဦးခိုင် တို့ဖြစ်သည်။

၄င်းတို့သုံးဦးအနက် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ဦးညီညီထွေးနှင့် အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာမှ ဦးမောင်လုံးတို့၏ ခေါင်းဖြတ် အသတ်ခံထားရသည့် ရုပ်အလောင်းများကို စက်တင်ဘာလ ၁ဝ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းထောင်းကြီးမြို့ စျေးအတွင်း လမ်းဆုံတစ်နေရာ၌ ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၄င်းတို့နှစ်ဦးအား ခေါင်းဖြတ်ကာ ဦးခေါင်းအား ဗိုက်ပေါ်တွင် တင်ထားပြီး နှစ်ဦးလုံး ရင်ဘတ်ပေါ်တွင် ဓားစိုက်ထားကြောင်း၊ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင်မှာ ၄င်းနေအိမ်တွင် ခေါင်းဖြတ်အသတ်ခံခြင်းဖြစ်သည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကမ်းထောင်းကြီး မြို့အုပ်ချုပ်ရေးမှူးတို့အား နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ယခုဖြစ်စဉ်သည် ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူးကြီး ကြည်လင်းအား နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက လူကိုယ်တိုင် ရုံးသို့လာရောက်မေးပါဟုပြောဆိုသည့်အတွက် လူကိုယ်တိုင် ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်ခဲ့သော်လည်း အစည်းဝေးလုပ်နေသည်ဟုဆိုသည့်အတွက် တွေ့ဆုံမေးမြန်းခွင့် မရရှိခဲ့ပါ။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “အသတ်ခံရတယ်လို့တော့ကြားတယ်။ သတင်းက အဲထက် မပိုသေးဘူး။ စုံစမ်းလို့လည်းမရဘူး”ဟု ပြောဆိုသည်။

ကမ်းထောင်းကြီးမြို့ခံတစ်ဦးကမူ “ လူနှစ်ယောက် ခေါင်းဖြတ်အသတ်ခံရတယ်လို့ ပြောပါတယ်။ စျေးလမ်းခွဆုံ မှာလို့ပြောပါတယ်။ ကျနော်တို့ကလည်း ကြောက်လို့ သွားမကြည့်ရဲဘူး၊ ကြောက်လို့အိမ်ထဲနဲ့ အိမ်ပြင်တောင် မထွက်ရဲဘူး” ဟု ပြောသည်။
 
ထိုသို့ ခေါင်းဖြတ် လူသတ်မှုဖြစ်ပေါ်နေသည့် မဲလက်မောင်း ကျေးရွာနှင့် ကမ်းထောင်းကြီးမြို့ခံများ မသွားရဲမလာရဲဘဲ စိုးရိမ်ကြောက်လန့်မှုများ ဖြစ်နေကြရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ