တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မီဇူရမ်ပြည်နယ် လုံတလိုင်မြို့မှ နေအိမ်တစ်လုံး စီးနင်းခံရပြီးနောက် ULA အဖွဲ့ဝင်တစ်ဦးအသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၇/၂ဝ၁၉

အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်၊ လုံတလိုင်မြို့ ( Lawngtlai )မှ နေအိမ်တစ်လုံးအား မျက်နှာဖုံးစွပ်ထားသူ လူခုနှစ်ဦးခန့်က အောက်တိုဘာ ၆ ရက်နေ့က စီးနင်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA ) အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီး ခေါ်သွားကာ နောက်ပိုင်းတွင် ချင်းပြည်နယ် မြိတ်ဝရွာ ၎င်းအဖွဲ့ဝင်ဖြစ်သူအား ခေါင်းဖြတ်သတ်ဖြတ်လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခက “ ဒီဖြစ်တာကတော့ ဒီအောက်တိုဘာလ ၆ ရက်နေ့ပေါ့။ အဲဒီမနက် မိုးလင်းအရုဏ် ၁ နာရီလောက်မှာပေါ့နော်။ အဲဒီ လုံတလိုင်မှာ ကျွန်တော်တို့ ဆီကနေ ဒီ ခရီးသွား၊ကျန်းမာရေးကိစ္စနဲ့ သူ့သူငယ်ချင်းတစ်ယောက်အိမ်ကို သွားတာ။ ဆိုတော့ အဲဒီမှာ လုံတလိုင်မှာရှိတဲ့ သူ့သူငယ်ချင်းအိမ်မှာ အိပ်နေတုန်းမှာ၊ ဟို အိမ်ရှင်တွေကလည်း မရှိဘူး။ ဆိုတော့ အဲဒီမှာ ဒေသခံ ကလေး နှစ်ယောက်ပဲရှိတာပေါ့။ အဲဒီကောင်လေးနှစ်ယောက်နဲ့ အိပ်နေတဲ့အခါ ည ၂ နာရီလောက်မှာ ဒီမျက်နှာဖုံး စွပ်ထားတဲ့လူ  ၉ ယောက်လောက်ပေါ့နော်။ ကားနှစ်စီးနဲ့ လာတယ်လို့ ပြောတယ်။ပြီးတော့ အဲဒီအိမ်ကို တံခါးတွေကို ကန်ဖွင့်ပြီးတော့မှာ အဲဒီလိုမျိုး သူတို့ ဝင်လာပြီးတော့ သေနတ်နဲ့ တေ့ပြီးတော့ ဖမ်းသွားတာပေါ့နော်။ ကျော်ဝင်း နိုင်ဆိုတာ။ ကျွန်တော်တို့ ULA အဖွဲ့ဝင်တစ်ယောက်ပါသွားတယ်။သူ့ကို ဒီ အောက်တိုဘာလ ၁ဝ ရက်နေ့ မနက် ၁ဝ နာရီလောက်မှာ အိန္ဒိယ နယ်ခြားစောင့် အာသံရိုင်ဖယ်ကနေပြီးတော့ ဒီဘက် ဗမာပြည်ဘက်မှာရှိတဲ့ မြိတ်ဝစခန်းကို  ပို့လိုက်တာပေါ့။ ဗမာစစ်တပ်လက်ထဲကို အပ်လိုက်တယ်။ ဆိုတော့ သူ့ကို ဒီနောက်ဆုံးရတဲ့ သတင်း အရဆိုရင် တော့ ဒီသီတင်းကျွတ်လပြည့်နေ့ပေါ့နော်။အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁ဝ နာရီကျော်လောက်မှာ သူ့ကိုအဲဒီ မြိတ်ဝရွာရဲ့ ရွာလယ်ကပေါ့နော်။ ရွာလယ်မှာ ပါးစပ်ထဲကို ရေနွေးတွေနဲ့ လောင်း၊နောက်ပြီးတော့ လက်တွေ ခြေတွေအကုန်လုံးကို လှီးဖြတ်ပြီးတော့မှ၊အဲလို နောက်ဆုံးမသေနိုင်တဲ့အခါကျမှ သူ့ကို လည်ပင်း လှီးလိုက်တာပေါ့နော်။ အဲလိုမျိုး သတ်လိုက်တယ်လို့ ကျွန်တော်တို့ သတင်းအတိအကျ ရထားတယ်။  ဆိုတော့ အဲဒီမှာ ဒီဖြစ်စဉ်မှာ လုံတလိုင်မှာ လာပြီးတော့ ဖမ်းတဲ့အချိန်မှာ ထွက်ပြေး လွတ်မြောက်သွားတဲ့ ကလေးနှစ်ယောက်ရဲ့ ပြောဆိုချက်အရ ဒီ ALP ကနေပြီးတော့ နှစ်ယောက်ပါတာပေါ့နော်။ ခိုင်အေးပိုင်တစ်ယောက်ရယ်။နောက် တိုက်အောင် ဆိုတဲ့ တစ်ယောက်ရယ်။သူတို့ အဲဒီမှာ ဗမာစကားပြောတဲ့လူလည်း သုံးယောက်လောက်ပါတယ်လို့ ပြောတယ်။ ဆိုတာကတော့ ဒါ ဗမာစစ်သားတွေလို့ ယူဆရတာပေါ့။ နောက်ပြီးတော့ အဲဒီမှာ ဟိန္ဒီစကားပြောတဲ့ သူတွေလည်း ပါတယ်။ အိန္ဒိယအာသံရိုင်ဖယ် ဖြစ်နိုင်တာပေါ။ ပြောမယ်ဆိုရင်တော့ အဓိက လက်ထောက် ချပေးတာကတော့ ဒါ ALP က လက်ထောက်ချပေး တာပေါ့နော်။သူတို့ ဒီ ALP ရယ်၊ဗမာစစ်တပ်ရယ်၊ နောက်ပြီးရင် အိန္ဒိယအာသံ ရိုင်ဖယ်ရယ်ပေါ့နော်။သူတို့ ပူးပေါင်းပြီးတော့ ဒီကိစ္စကို လုပ်ဆောင်တယ်လို့ ယူဆရတာပေါ့” ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ခိုင်သုခက ပြောဆိုသည်။

“ ဒီဟာကတော့ ကျွန်တော်တို့ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး ဥပဒေမဲ့လုပ်ရပ်တွေ ကိုပေါ့နော်။ ကျွန်တော်တို့ဘက်က ဒါ ပြင်းပြင်းထန်ထန် ရှုတ်ချတာပေါ့နော်။ ပြီးလို့ရှိရင် ဒီ သက်ဆိုင်တဲ့ ALP ကိုလည်းပဲ ကျွန်တော်တို့ ဘက်က သူတို့ရဲ့ အခုဒီ ပါဝင်လုပ်ဆောင်မှုဟာ သူတို့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောထားဟုတ်/ မဟုတ်ပေါ့နော်။သူတို့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောထားမဟုတ်ဘူးဆိုရင်တော့ အဲဒီ ကိစ္စနဲ့ ပတ်သက်တဲ့ လူတွေကိုပေါ့နော်/ သူတို့အနေနဲ့ လိုအပ်သလို အရေးယူဖို့ ကျွန်တော်တို့ဘက်က ပြောချင် တာရှိတယ်။နောက် ဒီကိစ္စက ဘာဖြစ်လဲဆိုရင် ဗမာစစ်တပ်နဲ့ ကျွန်တော်တို့ ခုခံတိုက်ခိုက်နေတဲ့ အချိန်မှာ ဒါဟာ နေပြီးတော့ နောက်ကျောကို ဓါးနဲ့ ထိုးတဲ့ လုပ်ရပ်ဖြစ်တယ်။ဒီဟာနေပြီးတော့ သစ္စာဖောက်တွေရဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒီဟာ သူတို့ ALP အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောထားဟုတ်၊မဟုတ် ဆိုတာကိုတော့ ကျွန်တော် တို့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးပေါ့။ ဒါပေမယ့် ALP က နှစ်ယောက် ပါဝင်ပတ်သက်တယ်ဆို တဲ့ ဥစ္စာကိုတော့ ကျွန်တော်တို့ အခိုင်အမာ သတင်းရထားတယ်။ ဆိုတော့ အဲဒီနောက်ပိုင်းမှာ နောက်ဆက်တွဲ ကတစ်ခု ရှိသေးတယ်ဗျ။ အဲဒီမှာ အိန္ဒိယဘက်အခြမ်းမှာ ရှိတဲ့ ဒီရခိုင် ရွာတွေပေါ့နော်။ အဲဒီမှာ ရွာသစ်၊ နောက်ပြီး လို့ရှိရင် ရွာသစ်ဆိုတာ မောင်ဘုဆော်ရွာပေါ့နော်။ သူတို့ အခေါ်ဆိုလို့ရှိရင်။ နောက် တပ်ပုချေ၊ နောက်ပြီးလို့ရှိရင် ကာကီပေါ့နော်။ ရွာသာယာ ဆိုတာလည်း ရှိတယ်။ အဲဒီ လေးရွာပေါ့။အဲဒီမှာ ရွာသားတချို့ကို ALP ကနေ အဲဒီ ခုနကပြောတဲ့ နှစ်ယောက်ရယ်။ နောက် ALP အဖွဲ့ဝင် သုံးယောက်လောက်ရှိမယ်။သူတို့က ဒီ အိန္ဒိယ နယ်ခြားစောင့်တပ်တွေကို လက်ထောက် ချပေးတာပေါ့။ ဥပမာပြောမယ်ဆိုရင် သူတို့ ရွာသစ်ကနေ ဖမ်းမယ်ဆိုရင် ၁၆ ယောက်စာရင်း ပေးထားတယ်ပေါ့ နော်။အဲမှာ သူတို့ဖမ်းမယ်ဆိုရင် ဒီလူတွေဟာ AA အဖွဲ့ဝင်တွေဆိုပြီး၊ အမာခံတွေ အဲလို ပြောထားတာတွေ ရှိတယ်။ နောက်ပြီး လို့ရှိရင် အဲဒီရွာသာယာက ဆိုလည်း ၈ ယောက်ဖမ်းမယ်ဆိုလို့ရှိရင် အဲဒီလိုပြောထားတာ ရှိတယ်လို့ ကျွန်တော် တို့ သိရတယ်။ အဲဒီကာကီရွာ ကဆိုလည်း ၆ ယောက်ပေါ့နော်။ တပ်ပုချေရွာကဆိုရင် ၇ ယောက်ပေါ့။ အဲဒီလို ဖမ်းဆီးဖို့အတွက် အိန္ဒိယ နယ်ခြားစောင့်တပ်တွေကို ALP ကနေ စာရင်းပေးထားတယ်ဆိုတာ ကျွန်တော်တို့ ခိုင်လုံတဲ့ သတင်း အတိအကျရထားတာ ရှိတယ်။အဲဒါကြောင့်မို့လို့ ALP က ဒီလို လူတွေကို အဲလိုမျိုးဒုက္ခ မပေးသင့်ဘူး။ရခိုင်အ ချင်းချင်း အဲလို ဒုက္ခမပေးသင့်ဘူးဆိုတဲ့ ဥစ္စာကို ကျွန်တော်တို့ ပြောချင်တာရှိတယ်” ဟု ပြောဆိုသည်။

၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်၊ ဒေသစံတော်ချိန် (အိန္ဒိယ) နံနက်(၁) နာရီခန့်အချိန်တွင် မျက်နှာဖုံးစွပ်ဝတ်ဆင်ထားသောသူ (၇) ဦးသည် လုံတလိုင်( Lawngtlai) မြို့ရှိ နေအိမ်တစ်လုံးအား စီးနင်းဝင်ရောက်ခဲ့သည်။ ၎င်းမျက်နှာဖုံးစွပ်ထားသူများသည် ၎င်းနေအိမ်တံခါးအားရိုက်ချိုး ဖျက်ဆီးဝင်ရောက်ကာ နေအိမ်အတွင်းရှိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးသွားခြင်းခံခဲ့ရသူများ၏ ကွန်ပျူတာ၊ ဖုန်း၊ စာရွက်စာတမ်း နှင့် ငွေကြေးအချို့ကို သိမ်းဆည်းသွားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) ၏ သတင်း ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

၎င်းလုပ်ရပ်နှင့် ပတ်သက်ပြီး မိမိတို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အနေဖြင့် တရားမျှတမှုကို လိုလားပြီး ယခုကဲ့သို့သော လုပ်ရပ်မျိုး နှင့် အပြုအမူများမှာ အိန္ဒိယ- ရခိုင်နယ်စပ်ရှိ ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စု များ၏ စိုးရိမ် ကြောက်လန့်မှုမျိုးကို မြင့်တက်စေပြီး နယ်စပ်တည်ငြိမ်ရေးနှင့် လူမျိုးရေး ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ၏ အထက်ပါကိစ္စရပ်တွင် ပါဝင်ပတ်သက်မှု ရှိ/မရှိ မိမိတို့ အဖွဲ့အစည်း အနေဖြင့် ရှင်းလင်းစွာသိလိုပါကြောင်း၊ ပါဝင်ပတ်သက်ခဲ့ပါက မိမိတို့အနေဖြင့် မည်သူ့မျက်နှာကိုမှ ထောက်ထားနေမည်မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှလည်း အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ကျေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျေညာချက် ထုတ်ပြန်ပြီးနောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီသို့ ဆက်သွယ်ရာ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးခိုင်စောမြက “ ပထမဆုံးကျနော်စပြီး ပြောချင်တာကတော့ သူတို့ထုတ်ထားတဲ့ statement ကို ကျနော်တို့ ကောင်းကောင်းမွန်မွန် ဖတ်ထားပြီးပါပြီ။ ဆိုတော့ ခင်ဗျားတို့ နံပတ်တစ် စစ်ဆေးရမှာကတော့ တပ်မတော်ရယ်။ အခုက သူတို့စာထဲမှာပေါ်တဲ့ဟာက မြစ်ဝစခန်းက တပ်က နှစ်ယောက်ပါတယ်။ နောက်သုံးဦး ပါတယ်။ အာသံရိုင်ဖယ်( Assam Rifles ) အိန္ဒိယနယ်စပ်မှာရှိတဲ့ အာသံရိုင်ဖယ်( Assam Rifles ) က သုံးယောက် ALP က နှစ်ယောက်ပါတယ်လို့ပြောပါတယ်။ အဲ့ဒါကို အခြေခံပြီး စဉ်းစားကြည့်လိုက်ပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ဟိုမှာက အစိုးရတပ်မတော်တွေ၊ ကျနော်တို့က သူပုန်အဖွဲ့တွေဗျ။ အဲ့ဒီလူတွေနဲ့ပေါင်းပြီး ကျနော်တို့က ဘာလို့သွားတိုက်မယ်ဆိုတာက အဲ့ဒါကိုလည်းကျနော်တို့ စဉ်းစားစရာဘဲ။ စဉ်းစားကြည့်လိုက်ပေါ့။ အဲဒီဥစ္စာကို ကျနော်တို့ ပြောနေဖို့ အခြေခံလို့။ နောက်တစ်ခုက သူတို့ဖေါ်ပြထားတာ မျက်နှာဖုံးစွပ်တွေ သွားတိုက်တယ် ဆိုတာကလည်း အဲ့ဒါကလည်း သိပ်မဖြစ်နိုင်ပါဘူး။ နောက်တစ်ခု ပြောချင်တာက လုံတလိုင်ဆိုတာက ကျနော်တို့ အခြေစိုက်တဲ့ နေရာမဟုတ်ဘူး။ နောက်ပြီးဟိုဥစ္စာ ဘုံတလိုင် ဆိုတဲ့နေရာမှာ ကျနော်တို့အခြေစိုက်တာမဟုတ်ဘူးဗျာ။ ကျနော်တို့က တြိဂံမှာအခြေစိုက်ပြီး ကျနော်တို့ စျေးပြု စျေးလာသွားတဲ့နေရာတောင်မှ ပရာဘာ နဲ့  လောင်းမွှီဘဲ ကျနော်တို့သွားတာ။အဲ့ဒီထက်ပိုလို့ ကျနော်တို့ သိပ်မသွားဘူး။ ကျနော်တို့လူတွေက။ အဲ့ဒီလောက် ဝေးလွန်းတဲ့ နေရာမှာ ကျနော်တို့ လူတွေက သူတို့ကို တပ်နှစ်တပ်နဲ့ ပေါင်းပြီး ကျနော်တို့ သူပုန်အဖွဲ့အနေနဲ့ ပေါင်းပြီး သူတို့ကိုလုပ်ကြံဖို့ဆိုတာကတော့ ကျနော်စဉ်းစားလို့ မရဘူးဗျာ။ ဒီကိစ္စကတော့။ နောက်ပြီးကျနော်တို့မှာလည်း ကျနော်တို့တပ်တွေကို ညွန်ကြားမှု အဲဒီလိုပုံစံ  လုပ်ကြံဖို့ အတွက် လုပ်မယ်ဆိုပြီး ကျနော်တို့ ညွန်ကြားမှုမရှိပါဘူး။ ကျနော်တို့ ပါတီပေါ်လစီမှာလည်း အဲလိုမရှိပါဘူး။ ကျနော်တို့က ဘာဘဲ ဖြစ်ဖြစ် ပါတီတော်လှန်ရေးလုပ်နေတဲ့ လူတွေမဟုတ်ဘူး။ အမျိုးသားတော်လှန်ရေးအပေါ်မှာ ကျနော်တို့ အခြေခံပြီး ပြောဆိုနေတာဖြစ်တဲ့ အတွက် ကျနော်တို့မှာ အဲသလိုလုပ်ဖို့ ပေါ်လစီမရှိပါဘူး” ဟု ပြောကြားသည်။ 

ALP မှ ထုတ်ပြန်ချက်ထဲတွင် ခိုင်အေးပိုင်နှင့် တိုက်အောင်တို့အား ယခုလို လုပ်ဆောင်ရန် ညွှန်ကြားထား၍ မရှိကြောင်း၊ ULA/AA မှ ထုတ်ပြန်ချက်အတိုင်း ခိုင်အေးပိုင်နှင့် တိုက်အောင်တို့အနေဖြင့် ပါဝင်ပတ်သက်မှု ရှိ/မရှိ သေချာစိစစ်သွားမည်ဖြစ်ပြီး အကယ်၍ ပတ်သက်ခဲ့သည်ရှိသော် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုလ်မှူးကြီး ခိုင်စောမြက “ ခိုင်အေးပိုင်ကတော့ ရှိတယ်။ သူတို့စာထဲမှာက တိုက်အောင်လို့ပြောတယ်။ တိုက်အောင်တော့ မဟုတ်ပါဘူး။ ခိုင်တိုက်အောင်တော့ဖြစ်ပါလိမ့်မယ်။ နာမည်ရင်းဆိုလို့ရှိရင် ရှိပါတယ် သူတို့နှစ်ယောက်ရှိပါတယ်။ ကျနော်တို့ပြောတဲ့ဥစ္စာက ကျနော်တို့ပါတီပေါ်လစီမှာ ဒီလိုလုပ်ဖို့ မရှိဘူးလို့ အတတ်ပြောနိုင်ပါတယ်။ ကျနော်တို့က ပါတီတော်လှန်ရေးမဟုတ်ဘူး၊ အမျိုးသားတော်လှန်ရေး။ ကိုယ်တို့ အမျိုးသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေပြီးတော့ အပြန်အလှန် လက်ဆွဲနူတ်ဆက်ပြီး ကျနော်တို့ တရင်းတနှီးသွားချင်တဲ့လူတွေဘဲ။ အဲဒီမူမှာအခြေခံပြီး ကျနော်တို့ အခုသွားနေတဲ့လူတွေဘဲ ကျနော်တို့အဖွဲ့အစည်းက အဲ့လိုဘဲသွားနေပါတယ်လို့။ ကျနော်တို့မှာအဲ့လိုပုံစံမျိုး မတူမတန်ရာ စိတ်ထားမျိုး ကျနော်တို့မှာမရှိပါဘူး။ လုပ်ကြံဖို့ဆိုတာလည်းမရှိဘူး။ ပါတီမှာ ညွန်ကြားချက် ဆိုတာလည်းမရှိဘူး။ တပ်မတော်မှာလည်း တပ်မတော်က ညွန်ကြားထားတာလည်းမရှိပါဘူးလို့ ဒီကိစ္စနဲ့ပတ်သက်လို့” ဟု ပြောဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် အမျိုးသားရေးကို အခြေခံဖွဲ့စည်းထားခြင်း၊ ငြိမ်းချမ်းရေးကို တန်ဖိုးထား လုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်ခြင်းတို့ကြောင်း မိမိတို့ လူမျိုးအချင်းချင်း ထိခိုက်နစ်နာ စေသော အပြုအမူများနှင့် လုပ်ရပ်များကို လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် နောင်တွင်လည်း မည်သည့်အခါမျှ မည်သည့်အခါမျှ ပြုလုပ်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။ 

၎င်းပြင်သူက “ ကျနော်တို့က ဒီနေ့အချိန်ခါ ဘာဘဲဖြစ်ဖြစ် အမျိုးသားတော်လှန်ရေးမှာ ကျနော်တို့ သွားနေတဲ့အချိန်ခါ မိတ်ဖက်တော်လှန်ရေး အသွင်ပဲ အဖွဲ့စည်းလိုဘဲ ကျနော်တို့ နောက်လည်း ဒီလိုဘဲ ချထားပါတယ်။ နောက်လည်း ကျနော်တို့ လုပ်ဖော်ကိုင်ဖက်အသွင်ဘဲ ကျနော်တို့ ဆက်သွားမယ်ဆိုပြီး ကျနော်တို့မှာ သဘောထားရှိပါတယ်။ အဲဒီလိုဘဲ သဘောထားပါတယ်။ ရန်ဖက်သဘောထားမျိုး စိတ်ကူးထဲမှာတောင်မထားပါဘူး” ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ