တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် နေရာနှစ်ခုတွင် တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၁၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာရွာသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်စစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော် (AA) မှ ဝင်ရောက်တိုက်ခိုက်ခဲ့သလို သင်းကျစ်တောင်ပေါ်မှ စစ်ကူလာသည့် စစ်ကြောင်း တစ်ခုကိုလည်း  ဝေသာလီကျေးရွာအနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

“ ကျွန်တော်တို့ ရွာမှာ ဖြစ်တာက ဒီကနေ့မနက် ၆ နာရီကနေ နံနက် ၁၁ နာရီခွဲလောက်ထိ ဖြစ်ပါတယ်။ စစ်ကြောင်းရွာကအထွက်မှာ ဖြစ်တယ်လို့ ကြားရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆူညံနေပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာတော့ ရွာသားတွေက အကုန်လုံး ထွက်ပြေးပြီး တစ်ခြားရွာတွေကို ရောက်နေကြပါပြီ။ တိုက်ပွဲဖြစ်နေချိန်မှာ ရွာထဲက မီးခိုးလုံးကြီးတွေကို တက်လာတာလည်း မြင်ရပါတယ်” ဟု လက္ကာရွာသားတစ်ဦးက ပြောကြားသည်။

လက္ကာရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန်တွင် အနီးအနားရှိ သင်းကျစ်တောင်ပေါ်တွင်ရှိနေသော တပ်မတော် စစ်ကြောင်း တစ်ခုမှ စစ်ကူ လိုက်ရန် သေနတ်များ ပစ်ခတ်ပြီး တောင်ပေါ်မှ ဆင်းလာခဲ့ကြောင်း၊ ၎င်းစစ်ကြောင်းနှင့် ဝေသာလီကျေးရွာအနီးတွင် AA နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ စစ်တပ်က သေနတ်ပစ်ပြီး တောင်ပေါ်က ဆင်းလာတော့ သေနတ်သံတွေကို ကြားရပါတယ်။ ဝေသာလီ အနီးကိုရောက်တော့ ဝေသာလီဘုရားကြီးဘက်ကနေ အပြန်အလှန် ပစ်ခတ်ကြတာကို ကြားရပါတယ်။ နှစ်နာရီကျော် သုံးနာရီထိ ဖြစ်ပါတယ်။ ဝေသာလီ အနီးတိုက်ပွဲလည်း ပြင်းထန်ပါတယ်” ဟု ပြောကြားသည်။

မြောက်ဦးမြို့ လက်ဆည်ကန်ဘက်မှလည်း အမြောက်ကြီးများဖြင့် လက္ကာရွာဘက်ကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု မြောက်ဦးမြို့ပေါ်မှ ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ  ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ နံနက် ၁ဝနာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းကလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခြင်းမှာ ဟုတ်မှန်ကြောင်း ပြောသည်။

“လက္ကာ ရွာထဲကနေလာပစ်လို့။ လက္ကာ ရွာထဲမှာ စစ်တပ်က ရွာဝန်းကျင်နားမှာ လှုပ်ရှားရေး လုပ်နေတာကို လာပြီးတော့ ချနေတာနော်။ AAကနေ ရွာထဲကနေ လာပြီးချတာ။ ရွာကမီးလောင်ဦးမှာ ကြိုပြောထားတာ။ AAက ရွာထဲကနေပစ်နေတာ အဲဒါဘဲပြောလို့ရမယ်။ ကျန်တာဘာမှ မသိသေးဘူး” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

AA ပြောခွင့်ရသူ ခိုင်သုခက ၎င်းစစ်ကြောင်းမှာ ရွာထဲတွင် သောင်းကျန်းနေသဖြင့် ဝင်ရောက်ဆုံးမခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 “ အဲ့ဒါပြောင်းပြန်ပြောနေတာဗျ။ သူတို့ဗမာစစ်တပ်က သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့အတွက် အဲ့လိုပြောတာ။ တကယ်တော့ အဲ့ဒီရွာထဲမှာ ဗမာစစ်တပ်က လာပြီးတော့ စစ်စခန်းချထားတယ်။ ရွာသားတွေကတော့ ပြေးကုန်ကြပြီး။ ဆိုတော့ ရွာသားတွေမရှိတဲ့အချိန်မှာ ရွာထဲမှာရှိတဲ့ နွားတွေ၊ ရွာသားတွေပိုင်တဲ့ အိမ်မွေး တိရစ္ဆာန် တွေကို သူတို့ အကုန်လုံး သတ်ပြီးစားနေတယ်။ ပြီးလို့ရှိရင် အဲ့ဒီမှာ အိမ်တွေကိုကုန်လုံး တက်ရှာ လိုချင်တဲ့ ဥစ္စာယူ အဲ့ဒါမျိုးတွေ လုပ်ပြီးတော့ သောင်းကျန်းနေကြတာမို့လို့ သူတွေကို ကျနော်တို့ဖက်က နေပြီးတော့ ဝင်ရောက်ပြီးတော့ ဆုံးမတာဖြစ်တယ်။ အဲ့ဒါကြောင်း အခု တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတာ” ဟု ကပြောသည်။

မြန်မာ့တပ်မတော်မှ လက်ရှိတွင် လက္ကာကျေးရွာ၏ ရေကန်ဘေးနားနှင့် စာသင်ကျောင်းဘက်မှနေပြီး အကာအကွယ် ယူကာ ခုခံပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တိုက်ပွဲအပြန်အလှန် အပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး ဆက်လက်ပြီးလည်း တိုက်ပွဲက ပြင်းထန်မည်ဟု ယနေ့ နေ့လယ် ၁၂ နာရီက ဆက်သွယ်စဉ် ခိုင်သုခမှ ပြောကြားသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ယနေ့ နံနက် ၆နာရီခန့်ကစတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာနှင့်  ဝေသာလီကျေးရွာ အနီး၌ တိုက်ပွဲ ပြင်းထန်စွာ အပြန်အလှန် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားသည်။

ဦးထွန်းသာစိန်က“ ဒီနေ့မနက် ၆နာရီနီးပါးကနေ စဖြစ်တာပါ။ အခုလည်း ဖြစ်နေတုန်းပါ။ အမြှောက်သံတွေ ကြားနေရပါတယ်” ဟု နံနက် ၁၁နာရီကျော်က နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောသည်။

ဆက်လက်ပြီး ဝေသာလီကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း ကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေပြီး ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း ပြောသည်။

 “ပစ်နေကြတာ နေလို့မရတော့ဘူး။ ပစ်နေကြတာ ထွက်လို့မရောက်တော့ဘူး။အခု ဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ များသောအားဖြင့် ငါတို့ရွာကို ပစ်နေကြတယ်။ တပင်တိုင်ခွဆုံက အမြှောက်ထိုင်ပြီး အဲ့ဒီကနေ ပစ်နေပါတယ်။ စစ်သားတွေက ရွာထဲကိုပစ်နေတာပါ” ဟု သူမက ပြောသည်။

ရွာအနီး တိုက်ပွဲဖြစ်ပွားသဖြင့် ကြောက်လန့်ပြီးထွက်ပြေးလာသည့် ဝေသာလီကျေးရွာမှ မိသားတစ်စု စီးလာသည့်  စက်တပ် ဟွန်ဒါစက်လှေ နစ်မြုပ်သဖြင့် အသက် ၁၃ နှစ် အရွယ် ကိုးတန်းကျောင်းသူ တစ်ဦးသေဆုံးပြီး သူမ၏ အသက် သုံးနှစ်အရွယ် မောင်ဖြစ်သူမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများမှ သေနတ်သံများမှာ နေ့လယ် ၁၂ နာရီတွင် ရပ်တန့်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်း အစောကြီးကနေ စပြီး မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် များတွင် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ