သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေမြို့မစျေးကြီးအတွင်း စျေးဆိုင်များကိုမပိတ်ရန် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာများရှေ့ထိသွားရောက်ပြီး စျေးဆိုင်ပိုင်ရှင်များတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 294

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မစျေးကြီးအတွင်း စျေးရောင်းချခွင့်ကို ကိုဗစ်ကြောင့်  ယနေ့မှ စ၍ ပိတ်ထားမည် ဖြစ်ကြောင်း စည်ပင်အမိန့်စာထွက်လာသဖြင့် စစ်တွေစျေးကြီးကို မပိတ်ရန်နှင့် ယခင်ခွင့်ပြုခဲ့သည့် ယမန်နေ့ နေ့လယ် ၁၂ နာရီအထိ ရောင်းချခွင့်ပြုရန် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာများရှေ့ထိ သွားရောက်ပြီး စျေးဆိုင်ပိုင်ရှင်များက တောင်းဆိုခဲ့ကြသည်။

အမျိုးသမီးအများစုပါဝင်သည့် စျေးဆိုင်ပိုင်ရှင် ၄ဝကျော်တို့သည့် ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် စုရုံးခဲ့ကြပြီး ရုံးပိတ်ရက် ဖြစ်သဖြင့် ဝန်ကြီးများအိမ်ရာ ရှေ့ထိ သွားရောက်ကာ သူတို့၏ လိုလားချက်ကို တောင်းဆို ခဲ့ကြသည်။

တောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး စျေးကြီးအထဲမှ အထည်အလိပ် ရောင်းချသူ စျေးသည့် အမျိုးသမီးတစ်ဦးက “ လွန်ခဲ့တဲ့ နှစ်လကျော်လောက်တည်းက ကိုဗစ်နဲ့ ပိတ်ထားတာ။ အစ်မတို့ကို ရှေ့နှစ်ပတ်က ပြန်ရောင်းချခွင့်ပေးတော့ တံခါးပေါက် နည်းနည်းဖွင့်ပြီး ရောင်းခဲ့ရတယ်။ အပြင်စျေးတန်းတွေအကုန်လုံးကို ရောင်းချခွင့်ပေးပေမယ့် အစ်မတို့ F ရုံတစ်ခုတည်းကို မရောင်းရဘူးဆိုတာကတော့ မတရားဘူးလို့ ထင်တယ်။ ဒါကြောင့်အစ်မတို့ လူ ၄ဝ လောက်စုပြီး ဝန်ကြီးတွေနဲ့တွေ့ခွင့်တောင်းဆိုခဲ့တာ” ဟု သူမက ပြောသည်။

စျေးကြီးအတွင်းရှိ ဝင်ပေါက်တည့်တည့် F ရုံ တစ်ခုလုံးကို ဆေးဆိုင်နှင့် စားသောက်ကုန်ဆိုင်မှအပ နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်ပြီး ကိုဗစ်ကာကွယ်ရေး အနေဖြင့် ထပ်မံရောင်းချခွင့်မပြုတော့ကြောင်း စည်ပင်က အမိန့်ထုတ်ထာသည်ဟု ဆိုသည်။

သို့သော် စျေးပြင်ပဆိုင်များကိုမူ ရောင်းချထားခွင့်ပြုထားသဖြင့် မညီမျှမှု ဖြစ်နေသည်ဟု ၎င်း အမျိုးသမီးက ပြောဆိုသည်။

 “အရင်တုန်းကလည်း အပြင်စျေးတန်းတွေရောင်းရပြီးအစ်မတို့ မရောင်းရဘူး။ ပိတ်ထားရတာကြာပြီဆိုတော့ စားဝတ်နေရေးအခက်အခဲဖြစ်နေကြပြီ။ စျေးသည်ဆိုတာက အကြွေးနဲ့ လည်ပတ်နေကြရတာ။ အခု အတော်အခက်အခဲဖြစ်နေလို့ အစ်မတို့ကို သူများနည်းတူ ၁၂ နာရီထိရောင်းရလည်း ကျေနပ်ပါတယ်။ ဒါကိုတောင်းဆိုတာပါ” ဟု ဆက်ပြောသည်။

ကိုဗစ် ၁၉ ထိမ်းချုပ်ရေးအတွက် စားသောက်ကုန်နှင့် ဆေးဆိုင်မှလွှဲ၍ ပိတ်ထားခဲ့သည်မှာ ၂ လရှိ ခဲ့ပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့မှ စ၍ ပြန်လည်ရောင်းချခွင့်ပြုထားခဲ့သဖြင့် ကြားထဲတွင် ၂ ပတ် တိတိရောင်းချခွင့်ရခဲ့ကြပြီးနောက် ပိတ်ရမည်ဆိုသဖြင့် စိတ်မကောင်းဖြစ်ခဲ့ကြကြောင်း သူမကဆိုသည်။

စစ်တွေမြို့မစျေးကော်မတီအတွင်းရေးမှူး ဦးစိုးနိုင်က “ ကျွန်တော်တို့ ဆုံးဖြတ်ပေးလို့မရတဲ့ဟာမို့ သက်ဆိုင်ရာကိုပဲ တောင်းဆိုကြဖို့ ပြောလိုက်တယ်။ အစိုးရရုံးရှေ့ကိုသွားတော့ ဝန်ကြီးတွေမရှိဘူးလို့ပြောလို့ သူတို့နေတဲ့ အိမ်ရာတွေရှေ့မှာ သွားထိုင်စောင့်ခဲ့ကြတာပါ။ စည်ပင်ကလည်း အစိုးရညွှန်ကြားတဲ့အတိုင်း လုပ်ရတာလို့ လာပြောပါတယ်။ ရဲကလည်း လူမစုဖို့ လာတားတာတွေရှိခဲ့ပါတယ်” ဟုပြောသည်။

စျေးဆိုင်ပိုင်ရှင်များ အနေဖြင့်  ၁၂ နာရီအထိ ရောင်းချခွင့်ရရှိနိုင်ရေးကို တောင်းဆိုရန် သွားရောက်ကြခြင်းဖြစ်ကြောင်း ၊ နေ့လည် ၁ နာရီခန့်မှ ၂ နာရီခွဲအထိ ဝန်ကြီးအိမ်ရာများရှေ့တွင် ထိုင်နေခဲ့ကြကြောင်း၊ ဝန်ကြီးချုပ်မရှိ၍ တင်ပြနိုင်ခြင်း မရှိခဲ့ကြောင်း သူကဆက်ပြောသည်။

စျေးသူစျေးသားများအနေဖြင့် ထပ်မံလူစုကာ အစိုးရထံ တောင်းဆိုသွားရန် လုပ်ဆောင်သွားကြမည်ဟု စီစဉ်ထားသည်ကို သိရှိရကြောင်း ဦးစိုးနိုင်၏ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ