သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဝါတွင်းကာလလွန်မြောက်သော်လည်းပလက်ဝမြို့နယ်မှ ရဟန်းတော်များ ခရီးသွားခွင့်မရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၁၇/၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် သီတင်းသုံးနေသော ဘုန်းတော်ကြီးကျောင်း ၆၇ ကျောင်းမှ ရဟန်းတော်များမှာ ဝါတွင်းကာလွန်မြောက်ခဲ့ပြီဖြစ်သော်လည်း လမ်းခရီးများပိတ်ထားဆဲဖြစ်နေသဖြင့် ခရီးသွားလာခွင့်မရဖြစ်နေကြောင်း ဦးဇင်းတစ်ပါးက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

“ ဒီပလက်ဝမြို့နယ်မှာ ဘုန်းတော်ကြီးကျောင်းပေါင်းက ၆၇ ကျောင်း၊ ဆရာတော်ကြီးတွေ အပါအဝင် ရဟန်းသာမဏေက ၃ဝဝ ကျော်လောက်ရှိတယ်။ အခု ကျောက်တော်-ပလက်ဝ လမ်းကြောင်းက စစ်တပ်က ပိတ်ထားတော့ ခရီးသွားလာလို့ မရဖြစ်နေတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေမှာ ဒီလို ဝါတွင်းကာလ လွန်မြောက်ပြီးဆိုရင် ဘာသာရေးကိစ္စတို့၊ တစ်ခြားကျန်းမာရေး ကိစ္စတို့ ရှိနေတယ်လေ။ စစ်တွေ၊ ရန်ကုန်၊ တခြားတခြားနေရာတွေကို သွားစရာရှိနေပေမယ့် သွားလာလို့ မရ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲများကြောင့် ကျောက်တော်-ပလက်ဝ လမ်းကြောင်းကို ပိတ်ထားသည်မှာ ဇန်နဝါရီလကတည်းက ပိတ်ထား၍ အချိန်အကြာကြီး ခရီးသွားလာခွင့်မရဖြစ်နေကြောင်း၊ ရဟန်းတော်များအနေဖြင့် လူပုဂ္ဂိုလ်များကဲ့သို့ ခိုးလမ်းက ကုန်းကြောင်းလျှောက်သွား၍ မရကြောင်း၊ မိုင်လေးငါးဆယ် ခရီးကို သက်ကြီးရွယ်အို ဆရာတော်ကြီးများအနေဖြင့်သွားလာ၍ မဖြစ်နိုင်ကြောင်း၊ သို့အတွက် သက်ဆိုင်ရာက သွားလာခွင့်ရရေးအတွက် ဆောင်ရွက်စီမံပေးစေလိုကြောင်း ပြောကြားသည်။

မီးလက်ဝ ဆရာတော်သို့ လျှောက်ထားရာ ဆရာတော်က “ ရဟန်းလို့ မဟုတ်ဘူး။ လူလည်းသွားလာလို့ မရဘူး။ ကုလားတန်မြစ်ကြောင်းကို ပိတ်ထားကိုး။ ဘုန်းကြီးတွေကတော့ ပိုပြီးတော့ အခက်အခဲ ဖြစ်သွားတာပေါ့။ ဒါပေမယ့်လည်း သာသနာလာပြုတဲ့ ရဟန်းတော် လေးပါးကတော့ မင်းတပ်- မတူပီလမ်းက သွားတာတွေတော့ရှိတယ်။ ဟိုတစ်ပတ်လောက်က ပြန်သွားကြတယ်။ ရခိုင်ပြည်နယ်ဘက်ကိုတော့ သွားလာရေး အခက်အခဲရှိပါတယ်” ဟု ပြောကြားသည်။

ယခုလက်ရှိ ပလက်ဝမြို့အနီးဝန်းကျင်တွင် သေနတ်သံ မကြားရသည်မှာ တစ်လကျော်လောက်ရှိနေပြီဖြစ်ပြီး ကုလားတန်မြစ်ကြောင်းကို ခရီးလမ်းကို ပြန်လည်ဖွင့်ပေးရန် လိုလားနေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ