အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

သင်္ကြန်အတွင်း စစ်တွေမှ ပျောက်ဆုံးနေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်နှင့် အဆက်သွယ်မရ၍ မိသားစုဝင်များ စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k

ဆောင်းဇာခြည်
နိရဉ္စရာ၊ ဧပြီ ၂၁/ ၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သင်္ကြန်တွင်း ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်နှင့် ၅ ရက်ကြာသည်အထိ အဆက်သွယ်မရ၍ မိသားစုဝင်များ စိုးရိမ်လျှက်ရှိကြောင်း မိခင်ဖြစ်သူ ဒေါ်မချေက ပြောသည်။
အသက် ၁၆ နှစ်အရွယ် မဆောင်းနှင်းဝေသည် စစ်တွေမြို့၊ မြောက်စံပြ ရပ်ကွက်မှဖြစ်ပြီး ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက် မွန်းတည့် ၁၂ နာရီ ခန့်က ဘေးအိမ်သို့သွားမည်ဟု ပြောကြားကာ ထွက်သွားပြီးနောက် ယနေ့အချိန်ထိ ပျောက်ဆုံးနေနေကြောင်း မိခင်ဖြစ်သူက ပြောသည်။
“သူသွားတတ်တဲ့ နေရာတွေကိုလည်း သွားမေးပြီးပြီ။ ဘယ်ကိုမှ မရောက်ပါဘူး။ သင်္ကြန်တွင်း ရည်းစားနဲ့ လိုက်သွားရအောင်လည်း သူ့မှာ ရည်းစား မရှိပါဘူး။ သူ့သူငယ်ချင်းတွေကိုလည်း အကုန်မေးကြည့်ပြီးပြီ။ သူတို့ဆီကိုလည်း မရောက်ဘူးလို့ ပြောပါတယ်။ ဘယ်ကို ရောက်နေမှန်းလည်း မသိပါဘူး။ သူအခုလို ပျောက်နေတော့ ကျွန်မတို့ အရမ်းပူပင်ရပါတယ်။ စိုးရိမ်ပါတယ်” ဟု ပြောသည်။
သူမမှာ စစ်တွေမြို့၊ စံပြရပ်ကွက်ရှိ စံပြမုန့်တိုက်တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး မိသားစုဝင်များ အနေဖြင့် ၄င်း၏ အလုပ်ခွင်သို့ သွားရောက်စုံစမ်းကြည့်ရာလည်း ယင်းနေရာသို့ လည်း ရောက်ရှိလာခြင်းမရှိကြောင်း မဆောင်းနှင်းဝေ၏ အိမ်နီးချင်း ကိုဗိုလ်ဝင်းကြိုင်က ပြောသည်။
“သူက ကျောင်းတော့ မနေတော့ပါဘူး။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ စုပေါင်း ထမင်းချက်စားဖို့ သွားတာတွေ ရှိပါတယ်။ အခု သူ့သူငယ်ချင်း တွေကိုလည်း သွားမေးပြီးပြီပေါ့နော်။ ဘယ်သူမှ မသိကြဘူးပေါ့။ သူလုပ်တဲ့ စံပြမုန့်တိုက်မှာလည်း သွားမေးပြီးပြီ။ အဲဒီကိုလည်း မရောက်ဘူး” ဟု ပြောသည်။
မဆောင်းနှင်းဝေ အိမ်ပြန်ရောက်လာခြင်းမရှိ၍ မိသားစုဝင်များအနေဖြင့် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် လူပျောက်စာရင်း တိုင်ကြား ထားကြောင်းလည်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ နိရ ဉ္စရာမှ ဆက်သွယ်ခဲ့ရာ တာဝန်ရှိ ရဲအရာရှိတစ်ဦးက မိသားစုဝင်များအနေဖြင့် ရဲစခန်းသို့ လူပျောက်စာရင်း လာရောက်တိုင်ကြားထား သည့်အတွက် သက်ဆိုင်ရာရဲစခန်းများနှင့် ချိတ်ဆက်ကာ စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း ပြောကြားသည်။
ဓါတ်ပုံ- ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်

ဆက်စပ် သတင်းများ