သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရန်ကုန်တွင်ကုသရမည့် မျက်စိကင်ဆာဖြစ်နေသည့်ကလေးငယ်အတွက် အလှူငွေကျပ်သိန်း ၂၀ ခန့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကောက်ခံရရှိထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မေ ၃ / ၂၀၂၁

မျက်စိကင်ဆာရောဂါကို ပြင်းထန်စွာခံစားနေရသည့် ပေါက်တောမြို့နယ်မှ ဆင်းရဲနွမ်းပါးသည့် ကလေးငယ် တစ်ဦးအား ရန်ကုန်တွင်ဆေးကုသပေးနိုင်ရန်အတွက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အသင်းက အလှူငွေများ စုဆောင်းကောက်ခံခဲ့ရာ လက်ရှိအချိန်တွင် ကျပ်သိန်း ၂၀ စုဆောင်း ကောက်ခံရရှိထားကြောင်း သတင်းရရှိသည်။

အသင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက အခုကတော့ အလှူငွေ သိန်း ၂၀ နီးပါးလောက် လက်ခံရရှိထားတယ်။ သူကို ဆေးကုသဖို့အတွက် ဘယ်လောက်ကုန်ကျမယ်ဆိုတာကိုတော့ ပြောလို့မရဘူး။ မေလ ၅ ရက်နေ့လောက်ဆို ဒီကလေးငယ်ကို ရန်ကုန်ပို့ဆောင်ဖို့ စီစဉ်ထားပါတယ် ဟုပြောသည်။

မျက်စိကင်ဆာရောဂါဖြစ်နေသည့် ကလေးငယ်မှာ မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာမှ မောင်လှကျော်စိုး အသက် (၅) နှစ်ဖြစ်ပြီး မျက်စိရောဂါဝေဒနာအား ခံစားနေရသည်မှာ (၄) လခန့်ရှိပြီဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်မဆန်းဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ပထမတုန်းကတော့ မျက်လုံးက ရမ်းတယ်။ အဲဒါကနေ စဖြစ်တာပါ။ မျက်လုံးက ညာဖက်မျက်လုံးပါ။ ဖြစ်တာကတော့ ၄ လလောက်ရှိပြီ။ အရင်တော့ ကျမတို့က စစ်တွေဆေးရုံမှာ ပြတယ်။ ဆရာဝန် ပြောတာကတော့ ကင်ဆာလို့ ပြောပါတယ်။ ဒီကလေးကို ဆေးခန်းပြဖို့အတွက် ကျမ ရွာက အလှူခံပြီးတော့ လာခဲ့ရတာပါ။ သားရဲ့ အသက်အန္တရာယ် ထိခိုက်သွားမှာကို ကျမတအားစိုးရိမ်တယ် ဟုပြောသည်။

မောင်လှကျော်စိုးအပါအဝင် ဒေါ်မဆန်းဝင်းတွင် ကလေးငယ် ၃ ယောက်ရှိပြီး ဆင်းရဲ နွမ်းပါးသည့် အတွက် ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်စားသောက်နေရသော မိသားစုတစ်စုဖြစ်သည်။

သားအတွက် ဆေးကုသမှုခံယူနိုင်ရန် ကူညီဆောင်ရွက်ပေးသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အသင်းအားလည်း အထူးကျေးဇူးတင်ကြောင်း ဒေါ်မဆန်းဝင်းက ဆက်ပြောသည်။

၄င်းကလေးငယ်အား လာမည့် မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင်  စစ်တွေမြို့မှ တဆင့် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဆေးကုသမှုခံယူချိန်တွင်လည်း ရန်ကုန်တွင် ရှိသော ရွှေရောင်မေတ္တာအသင်းသားများက ဝိုင်းဝန်းကူညီပေးသွားမည်ဟု အသင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက ဆက်ပြောသည်။

 ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးကိစ္စများအပါအဝင် လူမှုရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသော အသင်းတစ်ခုဖြစ်ပြီး ယခုကလေးငယ်အား ကူညီ ဆောင်ရွက်ပေးခြင်း မှာလည်း လူသားချင်းစာနာထောက်ထားသော အနေဖြင့် ကူညီပေးရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဆက်စပ် သတင်းများ