အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

AA သံသယဖြင့်ဖမ်းဆီးခံထားရသော လက္ကာရွာသူဒေါ်လှနုတင်မိသားစုမှာ ဆင်းရဲနွမ်းပါး၍ ရုံးချိန်းတိုင်းသွားရန် လမ်းစရိတ်မရှိဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၄/ ၂၀၂၁

 

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲခံထားရသူမြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဒေါ်လှတင်နု (၃၉) နှစ်၏ မိသားစုဝင်များမှာ ဆင်းရဲနွမ်းပါး၍ လမ်းစရိတ်မရှိသဖြင့် စစ်တွေခရိုင် တရားရုံး ရုံးချိန်းသို့ ပုံမှန်သွားရန်ပင် အခက်အခဲဖြစ်နေကြောင်း မိသားစုများက ပြောကြားသည်။

 

ဒေါ်လှနုတင်၏ သမီးဖြစ်သူ မအေးမူက လက်ရှိမှာတော့ ကယ်ဆယ်ရေးက ပေးတာကို စားနေရ ပါတယ်။ ကယ်ဆယ်ရေးက ပေးတာလောက်နဲ့တော့ ဘယ်အဆင်ပြေမလဲ။ အပြင်မှာ အလုပ်ရှိလို့ရှိရင် အလုပ်ထွက်လုပ်ပါတယ်။ အခုက အလုပ်လည်းပုံမှန် မကျတော့ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ နောက်ပီး ရုံးချိန်းလည်း ပုံမှန်မသွားနိုင်ဘူး။ ရုံးချိန်းသွားမယ်ဆိုလိုရှိရင် ကိုယ့်မှာ ပိုက်ဆံမရှိလို့ သူများတွေဆီက ချေးငှားပြီးတော့ သွားနေရတယ် ဟုပြောသည်။

 

ဒေါ်လှတင်နု၏မိသားစုဝင်များမှာ လက်ရှိတွင် မြောက်ဦးမြို့နယ် ကုလားချောင်း စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေထိုင်လျက်ရှိပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေသည်ဟု ပြောသည်။

 

ဒေါ်လှတင်နု၏ မိခင်ဖြစ်သူ ဒေါ်လှဘုစိန်မှာလည်း သမီးဖြစ်သူ ဖမ်းဆီးခံရသည့်အချိန်မှစ၍ စိတ်ထိခိုက်မှုများကြောင့် မကြာမဏ မကျန်းမမာဖြစ်တတ်ကြောင်း ပြောဆိုသည်။

 

ဒေါ်လှဘုစိန်က အဖွားတို့က အရင် ဗန္ဓလရပ်ကွက်မှာနေတယ်။ အဲမှာနေပြီးတော့ မြေးတွေကို စာသင်တယ်။ မြေးတွေကို စာသင်တော့ အိမ်ငှားခတွေဘာတွေ ပေးရတာနဲ့ဆိုရင် ပိုက်ဆံက မတတ်နိုင်တော့ဘူး။ အဲဒါကြောင့် အဖွားတို့က မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှာ သွားနေကြတယ်။ မြို့ဦးခေါင်းမှာ ၃ ရက်ပဲနေခဲ့ရတယ်။ ညည့်အချိန်မှာ ရဲနဲ့စစ်တပ်ပူပေါင်းတပ်ဖွဲ့တို့က ဝင်လာတယ်။ သူမကို မေးစရာရှိတယ်ဆိုပြီးတော့ ခေါ်ယူသွားတယ်။ အခုထိ တရားရင်ဆိုင်နေရတယ်ဟုပြောသည်။

 

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် မြောက်ဦးမြို့၊ မြို့ဦးခေါင်း စစ်ဘေးရှောင် စခန်း နေထိုင်သူ ဒေါ်လှနုတင်အား  ရဲနှင့်စစ်တပ်ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးခေါ်ယူသွားခဲ့သည်။ ၎င်းနောက် သူမ၏ မိသားစုဝင်များမှာ ၎င်းစစ်ဘေးရှောင်စခန်းကနေ ကုလားချောင်းစစ်ဘေးရှောင်စခန်းသို့ ပြောင်းရွေ့ခဲ့ရဟု ဆိုသည်။

 

လက်ရှိတွင် ဒေါ်လှတင်နုသည်  ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော လက္ကာကျေးရွာသား ၂၂ ဦးနှင့် အတူ စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၄ နှင့် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၂ (၁) တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

 

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော အမှုပေါင်း ၇၃ မှု  လူဦးရေပေါင်း ၁၄၄ ဦးရှိပြီး ဖမ်းဆီးခံထားရသူ မိသားစုဝင်များလည်း ဒေါ်လှတင်နုတို့ မိသားစုဝင်များကဲသို့ အခက်အခဲဖြစ်နေကြသည်ု သိရှိရသည်။

(ဓာတ်ပုံ- ဒေါ်လှတင်နုရုံးချိန်းတွင် စစ်တွေတရားရုံးရှေ့နေစောင့်နေသော  မိခင်ဖြစ်သူဒေါ်လှဘုစိန်အား တွေ့ရစဉ်)

ဆက်စပ် သတင်းများ