တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေ မိဇံ ကမ်းနားလမ်းအနီး အထပ်မြင့်စျေးတစ်ခု တည်ဆောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၂၆/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မိဇံရပ်ကွက် ကမ်းနားလမ်းအနီးတွင် အထပ်မြင့်စျေးတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်စျေးဆောက်လုပ်မည့်နေရာသည် ၄၅ ပေ × ၃၃ဝ ပေ ကျယ်ဝန်းပြီး စစ်တွေမြို့၊ မိဇံရပ်ကွက်၊ မိဇံပန်းခြံအနီး ကမ်းနားလမ်းရှိ မြို့လယ်ချောင်းဘေးတွင် တည်ရှိကြောင်း သိရသည်။
ယင်းစျေးအားအရေးတကြီးဆောက်လုပ်ရခြင်းမှာ စစ်တွေအမှတ် ၁ ရဲစခန်းဘေးပတ်ပတ်လည်မှ ဖယ်ရှားခြင်းခံရသည့် ဆိုင်ခန်းများကို ဦးစားပေးနေရာချလိုခြင်းကြောင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက နိဥ္စရာသို့ပြောသည်။
"အဲဒီဆိုင်ခန်းတွေကို ဦးစားပေးပြီး အမှန်နေရာချချင်လို့၊ သူတို့ကိုဦးစားပေးပြီးချဖို့ရအောင်အတွက်ပေါ့" ဟု ပြောသည်။
စစ်တွေအမှတ် ၁ ရဲစခန်း ဘေးပတ်ပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၈၀ ခန့်သည် စခန်းကို လုံခြုံရေးတိုးမြှင့်ရန်အကြောင်းပြချက်ဖြင့် ၂ဝ၁၉ ခုနှစ်အတွင်း ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။
ယင်းဆိုင်ခန်းပိုင်ရှင်များအတွက် ယခုတည်ဆောက်မည့်စျေးသစ်အတွင်း ၁၀ ပတ်လည်တစ်ခန်းကို မြေညီထပ်တွင် ကျပ်သိန်း ၈၀ နှင့် ပထမထပ်တွင် ကျပ် ၇၅ သိန်းဖြင့်ရောင်းချရန် ယခင်ကတည်းက အစိုးရနှင့်သဘောတူညီချက်ထားရှိထားကြောင်း ဖယ်ရှားခံလိုက်ရသည့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးစိုးနိုင်က ပြောသည်။
"အရင်ကတည်းကနေ ဆုံးဖြတ်ပြီးသား။ ရဲစခန်းဘေးကထွက်လာတဲ့ ဆိုင်ခန်းတွေကို ပိုင်ရှင်အစုံပေးမယ်လို့ သဘောတူညီချက်ရှိပြီးသား သူတို့။ ပေးမဲ့အခန်းနေရာတွေကအစ ရွေးချယ်ပြီးသားရှိတယ်။ ဆောက်မဲ့ကုမ္ပဏီနဲ့လည်း တွေ့ပြီးပြီ။ ကုမ္ပဏီနဲ့အစိုးရနဲ့ ဘာတွေလုပ်ကြလဲဆိုတာတေ့ ဒီလူတွေလည်း မသိဘူး။ ကုမ္ပဏီဘက်ကတော့ တစ်နှစ်အပြီးဆောက်သွားမယ်လို့ ဆိုင်သည်တွေကို ဝန်ကြီးတွေဆီမှာ ကတိပေးထားတာရှိတယ်" ဟုပြောသည်။
အထပ်မြင့်စျေးသစ်ဆောက်လုပ်ရာတွင် ကုန်ကျမည့်ငွေပမာဏ၊ မည်သည့်အချိန်တွင်စတင်ဆောက်ပြီး မည်သည့်အချိန်တွင်ပြီးစီးမည်ဆိုသည်နှင့် ဆိုင်ခန်းပေါင်း မည်မျှပါဝင်မည်စသည့် အသေးစိတ်အချက်အလက်များကို လောလောဆယ် အစိုးရနှင့် ဆောက်လုပ်မည့်ကုမ္ပဏီတို့ ညှိနှိုင်းနေဆဲဖြစ်သည်ဟု ပြည်နယ်စည်ပင်အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက နိရဥ္စရာသို့ပြောသည်။
"သူတို့ စီမံကိန်းကိစ္စတွေကို အသေးစိတ်ဆွေးနွေးပြီးဆောင်ရွက်နေတုန်းပေါ့နော်" ဟုပြောသည်။
အဆိုပါစျေးကို ဆောက်လုပ်နိုင်ရန် အကျိုးတူပူပေါင်းမည့်ကုမ္ပဏီများအား ယခင် NLD အစိုးရလက်ထက် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စတင်ဖိတ်ခေါ်ခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်၊ ပွင့်လင်းရာသီအတွင်း စတင်ဆောက်လုပ်မည်ဟု ယင်းအချိန်က ပြည်နယ်အစိုးရက ပြောဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ