တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ULA/AA အားတွေ့ဆုံရန် NUG ဖိတ်ကြားမှု ဆွေးနွေးသင့်ဟု ဦးဖေသန်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7k

အေးမြတ်ခိုင်
နိရဥ္စရာ ၊ မတ် ၂၇/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် အလွတ်သဘောဖြင့်တွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)မှ ဖိတ်ကြားမှုအပေါ် လက်ခံပြီး ဆွေးနွေးသင့်သည်ဟု ယခင်မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောဆိုသည်။
"နိုင်ငံရေးပါတီ အစုအဖွဲတစ်ခုဆိုတာကတော့ ကိုယ်တို့ရှေ့ကိုသွားမယ့် ရေရှည်ရည်မှန်းချက် အတွက်ဘယ်အဖွဲ့အစည်းနဲ့မဆို ဆွေးနွေးတာ ကောင်းပါတယ်။ ကိုယ်ကလိုအပ်ရင်ယူ၊ မလိုအပ်ရင် မယူနဲ့ပေါ့။ သို့သော် နှစ်ဘက်ကြားမှာ ကြားကျပ်မယ့်ကိစ္စတွေကိုတော့ ရှောင်သင့်တယ်"ဟု ပြောသည်။
မတ် ၂၄ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာမိတ်ဆက်ဆံရေး ကော်မတီခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ULA အား အလွတ်သဘောဖြင့်တွေ့ဆုံရန် ဖိတ်ကြားခဲ့သည်။
အဆိုပါ ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဦးဖေသန်း၏ အမြင်ကို မေးမြန်းရာတွင် ၎င်းက နိုင်ငံရေး ပါတီ တစ်ရပ်အနေဖြင့် ကမ်းလှမ်းမှုကို လက်ခံပြီး တွေ့ဆုံသင့်ကြောင်း၊ သို့မှသာ တစ်ဖက် ပါတီ၏ နိုင်ငံရေး ရည်မှန်းချက်၊ သဘောထားနှင့် လက်ရှိ ULA ၏ နိုင်ငံရေး ရည်မှန်းချက် အပေါ် ထားရှိသော NUG ၏ သဘောထားများကို သိရှိရမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။
အဆိုပါ NUG ၏ ဖိတ်စာထဲတွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ အင်အားစု များနှင့် ပိုမိုဆက်သွယ်ပူးပေါင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မဟာမိတ် ဆက်ဆံရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကော်မတီမိတ်ဆက်ခြင်းနှင့် အလွတ်သဘော တွေ့ဆုံလိုကြောင်း ဖိတ်ကြားထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် အကြံကောင်းများလိုအပ်နေသဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အဖွဲ့အစည်း အဆင်ပြေသင့်လျော်မည့် အချိန်နေ့ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီအနေနှင့် မိတ်ဆက် အလွတ်သဘော တွေ့ဆုံလိုကြောင်း ဖိတ်ကြားစာတွင်ရေးသားထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် "မဟာမိတ်ဆက်ဆံရေးကော်မတီ"ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၂၊ ဇန်နဝါရီ ၄ ရက်နေ့တွင် အတည်ပြုခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ