တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးရှိ ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ULA/AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.7k

အေးမြတ်ခိုင်
နိရဥ္စရာ ၊ ဧပြီ ၅/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခ ပြောဆိုလိုက်သည်။
ယနေ့ ဧပြီလ ၅ ရက်တွင်ပြုလုပ်သည့် ULA/AA ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
အာရက္ခဒေသကို လွတ်မြောက်ရန်၊ ကာကွယ်စောင့်ရှောက်ရန်ဖွဲ့ထားသည့် ULA/AA သည် ရခိုင့်အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် အဓိကတာဝန်ရှိသော်လည်း တော်လှန်ရေးကာလဖြစ်သည့်အတွက် အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်မှုမရှိသေးကြောင်း ဦးခိုင်သုခက ပြောသည်။
"ဒီအမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းဖို့အတွက်လည်း အခုလို အသက်၊ သွေး၊ ချွေးတွေ မြောက်မြားစွာစတေးပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခုဟာ တော်လှန်ရေးကာလဖြစ်တဲ့အတွက် အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိသေးပါဘူး။ ဒါတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်တဲ့တစ်နေ့မှာ ကျွန်တော်တို့ရဲ့ သမိုင်းအမွေအနှစ်တွေ လုံးဝမပျက်စီးရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းသိမ်းစောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်"ဟု ပြောသည်။
မြောက်ဦးမြို့သည် ရှေးဟောင်း နန်းတော်ရာ၊ ကျုံး၊ မြို့ရိုးများအပါအဝင် အဖိုးဖြတ်မရသော ယဉ်ကျေးမှုအမွေအနှစ်များစွာရှိရာ နေရာဖြစ်သော်လည်း အစိုးရဌာနဆိုင်ရများနှင့် တာဝန်ရှိသူတို့၏ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းချက်ကြောင့် တစ်စတစ်စယိုယွင်းပျက်စီးလာနေကြောင်း မြောက်ဦးမြို့ခံများနှင့် လူမှုရေးလှုပ်ရှားသူများက ပြောသည်။
ယင်းအပြင် ရှေးဟောင်းမြေနေရာများတွင် နေအိမ်များ၊ ဘုန်းကြီးကျောင်းများ ကျူးကျော်ဆောက်လုပ်ခြင်း၊ ရှေးဟောင်းသမိုင်းဝင်နေရာများကိုကွယ်ကာ အထပ်မြင့်ဆောက်လုပ်မှုများရှိနေကြောင်း ရှေး/သုဌာနနှင့် မြို့ခံများက ဆိုသည်။
ULA/AA ထိန်းချုပ်မှုအများဆုံးရှိသည့်မြောက်ဦးမြို့တွင် ULA/AA အနေဖြင့် လက်ရှိ တော်လှန်ရေးကာလတွင်လည်း မြို့မိ၊ မြို့ဖ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အစီစဉ်ရှိကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။
"အခု တော်လှန်ရေးကာလမှာလည်း ကျွန်တော်တို့တတ်နိုင်သမျှကို မြို့မိ၊ မြို့ဖတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားဖို့ အစီစဉ်ရှိတယ်ဆိုတာကို ကျွန်တော်တို့ပြောကြားချင်ပါတယ်"ဟု ပြောသည်။
မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ႓ာ့မွေအနှစ်စာရင်းဝင်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဦးဆောင်ကာ မြောက်ဦးမြို့ရှေးဟောင်းနေရာများရှိ ကျူးကျော်များကို ဖယ်ရှားရန်စီမံကိန်းရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ