တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

NUG ၏အလွတ်သဘောတွေ့ဆုံရန်တောင်းဆိုမှု တပ်တော်နေ့ပြီးမှ ဆုံးဖြတ်မည်ဟု ဦးခိုင်သုခပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၅/၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အလွတ်သဘောတွေ့ဆုံရန် တောင်းဆိုမှုကို ULA/AA ၏ နှစ်ပတ်လည်နေ့ပြီးမှ ဆုံးဖြတ်မည်ဟု ရက္ခိ်ုင့်တပ်တော် (AA)ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
ယင်းသို့တွေ့ဆုံရန်တောင်းဆိုမှုကို ကြိုဆိုသော်လည်း ရက္ခိုင့်တပ်တော်နေ့အခမ်းအနားကြောင့် အလုပ်များနေ၍ တပ်တော်နေ့ပြီးမှသာ ဗဟိုကော်မတီအစည်းအဝေးထိုင်ပြီး ဆုံးဖြတ်သွားမည်ဟု ယနေ့ ဧပြီလ ၅ ရက်နေ့တွင်ကျင်းပသည့် ULA/AA ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့သည်။
“အခုက ကျွန်တော်တို့ ရက္ခိုင့်တပ်တော်နေ့ကိစ္စတွေနဲ့ အလုပ်များနေကြတဲ့အတွက် ဒီကိစ္စကို ကျွန်တော်တို့တပ်တော်နေ့ နောက်ပိုင်းမှသာလျှင် ULA/AA ဗဟိုကော်မတီမှာ ဆွေးနွေးဆုံးဖြတ်သွားဖို့ ရှိိပါတယ်”ဟု ပြောသည်။
ယင်းသို့ကမ်းလှမ်းလာမှုအပေါ်လည်း အပြုသဘောဆောင် ချီးကျူးအသိအမှတ်ပြုသည်ဟု ဦးခိုင်သုခက ဆက်ပြောခဲ့သည်။
NUG က မတ်လ ၂၄ ရက်နေ့တွင် အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အကြံကောင်းများလိုအပ်နေသဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)အား အဆင်ပြေသင့်လျော်မည့်အချိန်နေ့ရက်တွင် မဟာမိတ်ဆက်ဆံရေးကော်မတီအနေဖြင့် မိတ်ဆက် အလွတ်သဘောတွေ့ဆုံလိုကြောင်း ဖိတ်ကြားစာပေးပို့ခဲ့သည်။
ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်မည့် ရက္ခိုင့်တပ်တော်နှစ်ပတ်လည်နေ့ကို ရခိုင်ပြည်တွင်းရှိ AA စစ်ဒေသအားလုံးနှင့် ပြည်ပနေရာများတွင်ပါ စည်စည်ကားကားကျင်းပသွားမည်ဟု ဦးခိုင်သုခက ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

ဆက်စပ် သတင်းများ