တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် တဲမောက်အထက(ခွဲ)ကျောင်းတွင် မျက်နှာကြက်ပြိုကျ၍ ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 751

နိရဥ္စရာ၊ ဇွန် ၈/ ၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တဲမောက် အထက(ခွဲ)ကျောင်းရှိ ဆရာ၊ ဆရာမနားနေခန်း မျက်နှာကြက်ပြိုကျ၍ ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသွားသည့်ဆရာမမှာ ယင်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ခင်မေဇော်ဖြစ်သည်။
ဆရာမဒေါ်ခင်မေဇော်သည် ယမန်နေ့ ဇွန်လ ၇ ရက် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က အတန်းချိန်ပြီး၍ နားနေခန်းအတွင်းနားနေစဉ် မျက်နှာကြက်ခေါင်မိုးပေါ်မှ ကျောက်ပြားချပ် ရုတ်တရက်ပြိုကျလာသည့်အတွက် ဦးခေါင်းနှင့် ပခုံးများတွင် ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု တဲမောက်ကျေးရွာတာဝန်ခံ ဉီးဦးထွန်းဝင်းက ပြောသည်။
“ထိခိုက်ဒဏ်ရာကတော့ အတော်လေးရသွားတယ်၊၊ ခေါင်းကွဲသွားတယ်။ ဆေးရုံမှာ လေးချက်ချုပ်ရတယ်၊၊ ပခုံးတွေမှာလည်း ထိခိုက်ဒဏ်ရာရပြီးတော့ ပွန်းပဲ့သွားတယ်” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသွားသည့် ဆရာမဒေါ်ခင်မေဇော်သည် တောင်ကုတ်မြို့ဆေးရုံ၌ ဆေးကုသမူခံယူခဲ့ရပြီးနောက် လက်ရှိတွင် မိမိ၏နေအိမ်တွင်အနားယူလျက်ရှိသည်ဟုလည်း သိရသည်။
အဆိုပါမျက်နှာကြက်ခေါင်းမိုးပြိုကျရခြင်းသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်က လှုပ်ခတ်သွားသည့်မြေငလျင်ကြောင့် အက်ကွဲမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ပြိုကျခြင်းနိုင်သည်ဟု ယူဆနေကြသည်ဟုလည်း ပြောသည်။
ပြိုကျသွားသည့်မျက်နှာကြက်များကို တောင်ကုတ်မြို့နယ်ပညာရေးမှူးနှင့် ကျောင်းဆောက်လုပ်သည့်တာဝန်ခံများလည်း လာရောက်ကြည့်ရှုခဲ့ကြသည်ဟုလည်း သိရသည်။
ယင်းသို့လာရောက်ကြည့်ရှုစဉ် မြို့နယ်ပညာရေးမှူးက နောက်နှစ်မှ အဆင်ပြေအောင်လုပ် ပေးဖို့နှင့် ဘတ်ဂျက်ငွေလည်း ထုတ်ယူ၍မရကြောင်းကို ပြောသွားခဲ့သည်ဟု ဦးဦးထွန်းဝင်းက ဆက်ပြောသည်။
“သူတို့ကလည်း ကျောင်းဆောက်ပြီးတာ ကြာပြီဆိုတော့ လုံးဝကြီးတာဝန်ယူမယ်လို့တော့ မပြောဘူး။ မျက်နှာကြက်ကိုတော့ ဆရာ၊ ဆရာမတွေရဲ့လုံခြုံရေးအတွက် ခွာချက်ပစ်ရမလားတော့ စီစဉ်နေကြတယ်” ဟု ပြောသည်။
တဲမောက် အထက(ခွဲ)သည် တစ်ထပ်ဆောင် RC အမျိုးအစား စာသင်ကျောင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၂ဝ၁ ဦးနှင့် ဆရာ၊ ဆရာမ၊ စာရေးမနှင့် ညစောင့်အပါအဝင် ၁၈ ဦးရှိသည်ဟုလည်း သိရသည်။ (NN-12)
Photos - May Zaw

ဆက်စပ် သတင်းများ