တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စက်သားရွာသို့ ပင့်ဆောင်သည့် ဘုရားဆင်းတုတော်တစ်ဆူ မြောက်ဦးဆိပ်ကမ်းတွင် ရေထဲကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဇွန် ၈/ ၂၀၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စက်သားကျေးရွာသို့ ပင့်ဆောင်ယူသည့် ဘုရားဆင်းတုတော်တစ်ဆူသည် မြောက်ဦးမြို့ အောင်တပ်သင်္ဘောဆိပ်တွင် ယနေ့ညနေပိုင်းက ရေထဲကျသွားခဲ့သည်ဟု သိရသည်။

အဆိုပါဆင်းတုတော်ကို ယနေ့ ဇွန်လ ၈ ရက် ညနေ ၄ နာရီကျော်ခန့်တွင် မြောက်ဦးဆိပ်ကမ်းမှတဆင့် စက်သားရွာသို့ပင့်ဆောင်ရန် စက်လှေပေါ်သို့ ကရိန်းဖြင့်တင်ဆောင်စဉ် ကရိန်းနှင့်ဘုရားဆင်းတုတော်ပါ ရေထဲသို့ ပြုတ်ကျ၍ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု စက်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာက ပြောသည်။

ဘုရားဆင်းတုတော်ကပဲ အလေးချိန်များလို့လား။ ကရိန်းကပဲ မကောင်းလို့လားတော့ မသိဘူး။ အခုတော့ မင်းပြားက ကရိန်းအကြီးတစ်ခုတော့ ငှားနေတယ်။ အဲ့ဒီကရိန်းလည်း သိပ်မကောင်းဘူးလို့တော့ ပြောတယ်ဟု ပြောသည်။

အဆိုပါဘုရားဆင်းတုတော်မှာ ကျောက်သလင်းဖြူကို ထွင်းထုထားခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့် ၆ ပေ၊ ၆ လက်မခန့်ရှိသည်ဟုလည်း သိရသည်။

စက်သားကျေးရွာ ဘုရားသိမ်ဓမ္မာရုံအတွက် ယင်းရွာမှအလှူရှင်ဦးမောင်သန်းနုက လှူဒါန်းခြင်းဖြစ်ပြီး မန္တလေးမှတဆင့် မြောက်ဦးသို့ ကားဖြင့်သယ်ဆောင်လာခဲ့ရသည်ဟုလည်း သိရသည်။

ဆင်းတုတော်အလှူရှင် ဦးမောင်သန်းနုက ဘုရားဆင်းတုတော်က စက်သားကျေးရွာတစ်ရွာလုံး ကိုးကွယ်ဖို့အတွက် ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီး ပင့်ဆောင်ထားတဲ့ ဘုရားလည်းဖြစ်တယ်။ အခုလို လမ်းတစ်ဝက်မှာ ကရိန်းကနေပြီး မတော်တဆပြုတ်ကျသွားတော့ အတော့်ကို စိတ်မကောင်းလည်းဖြစ်ရတယ်ဟု ပြောသည်။

ကရိန်းမှပြုတ်ကျပြီး ရေထဲတွင်နစ်နေသော ဘုရားဆင်းတုတော်ကို ကုန်းပေါ်သို့ဆွဲတင်ရန် မင်းပြားမြို့မှ သွားငှားနေသည့် ကရိန်းသည် ယခုည ၈ နာရီခန့်အထိ မရောက်သေး၍ ဘုရားဆင်းတုတော်သည်လည်း ရေထဲတွင် နစ်မြုပ်လျက်ရှိနေသေးသည်ဟုလည်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ