တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် စာသင်ကျောင်းအများအပြား အရည်အသွေးမပြည့်မီ၍ အန္တရာယ်ဖြစ်မည်ကို ကျောင်းသားမိဘများ စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5k

နိရဥ္စရာ ဇွန် ၁ဝ /၂၀၂၂
ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းအများအပြားသည် အရည်အသွေး မပြည့်မီ၍ စာသင်နေစဉ်အချိန်အတွင်း ကျောင်းဆောင်များပြိုကျပျက်စီးပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၌ အန္တရာယ်ဖြစ်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက် နေ့လယ် ၂ နာရီကျော်က တောင်ကုတ်မြို့နယ်မှ တဲမောက် အထက(ခွဲ)ကျောင်းရှိ ဆရာ၊ ဆရာမနားနေခန်းဆိုလျှင် မျက်နှာကြက်များပြိုကျခဲ့သည့်အတွက် နားနေခန်းအတွင်းရှိ အလယ်တန်းပြဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ထိုဆရာမတွင် ဦးခေါင်းကွဲသွားပြီး ဆေးရုံ၌ ၄ ချက်ချုပ်လိုက်ရကာ ပခုံးများတွင်လည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟု တဲမောက်ကျေးရွာတာဝန်ခံ ဉီးဦးထွန်းဝင်းက ပြောသည်။
“ထိခိုက်ဒဏ်ရာကတော့ အတော်လေးရသွားတယ်၊၊ ခေါင်းကွဲသွားတယ်။ ဆေးရုံမှာ လေးချက်ချုပ်ရတယ်၊၊ ပခုံးတွေမှာလည်း ထိခိုက်ဒဏ်ရာရပြီးတော့ ပွန်းပဲ့သွားတယ်” ဟု ပြောသည်။
တဲမောက် အထက(ခွဲ)သည် တစ်ထပ်ဆောင် RC အမျိုးအစား စာသင်ကျောင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၂ဝ၁ ဦးနှင့် ဆရာ၊ ဆရာမ၊ စာရေးမနှင့် ညစောင့်အပါအဝင် ၁၈ ဦးရှိသည်ဟုလည်း သိရသည်။
မင်းပြားမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆိုလျှင်လည်း လက်ရှိတွင် ခေါင်မိုးများမိုးယိုနေ၍ စာသင်ချိန်အတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ အခက်ခဲများရှိနေသည်ဟု ရွာသားများက ပြောသည်။
ယင်းကျောင်းတွင် ၁ ထပ်ကျောင်းဆောင်နှစ်ဆောင်အနက် ပေ ၁၅၀×၃၀ ရိုသည့် ၁ ထပ်ဆောင်တွင် ခေါင်မိုးများမိုးယိုနေခြင်းဖြစ်သည်။
ယင်းကျောင်းဆောင်တွင် ၂ဝ၁၃ ခုနှစ်မှစတင်ကာ သွပ်မိုးထားခဲ့သော်လည်း အရည်အသွေးညံ့ဖျင်းသည့်သွပ်အမျိုးအစားကိုအသုံးပြုခဲ့သည့်အတွက် ခေါင်မိုးတွင် အပေါက်များဖြစ်ပေါ်နေခြင်းဟု ရွာသားတစ်ဦးက နိရ ဉ္စရာကို ပြောသည်။
"၂၀၁၇ ခုနှစ်လောက်မှာ ပျက်စီးပြီး မိုးယိုလာတယ်လေ။ သွပ်ပြားက အညံ့စားဆိုတော့ ပျက်စီးတာမြန်တယ်။ လေပြင်းတိုက်လည်း ကွာကျတယ်။ လူတက်ဖာမယ်ဆိုလည်း တက်တဲ့နေရာက ပေါက်သွားရော"ဟု ဆိုသည်။
ယင်းအဆောင်တွင် သွပ်များအကို အသစ်ပြန်လည်အစားထိုး မိုးမည်ဆိုပါက သွပ်ပြားအချပ် ၄ဝဝ ခန့်လိုမည်ဖြစ်ပြီး အထက်လူကြီးများအနေဖြင့် ကွင်းဆင်းစစ်ဆေးပေးစေလိုသည်ဟုလည်း ပြောသည်။
ကြိမ်ချောင်းကျေးရွာသည် ရေကြောင်းဖြင့်သွားလာရ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် လူကြီးအရောက်အပေါက်လည်းနည်းပြီး အကယ်၍ လူကြီးများ စစ်ဆေးရန်လာမည်ဆိုလျှင် မော်တော်ဘုတ်ကြီးကြီးဖြင့် တင်ဆောင်ကာ ကြိုဆိုပါမည်ဟုလည်း ယင်းဒေသခံက ဆက်ပြောသည်။
"အထက်လူကြီးတွေကိုလည်း ဒီလိုမိုးရွာနေတုန်းလာကြည့်စေချင်ပါတယ်။ မြစ်တစ်တန်၊ လှေတစ်တန်နဲ့လာဖြစ်ခဲ့မယ်ဆိုရင် ဘုတ်အကြီးနဲ့တင်ဆောင်ဖို့ ကြိုဆိုနေပါမယ်" ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ်ပညာရေးမှူး ဦးစံသိန်းထွန်းကို နိရဥ္စရာက ဆက်သွယ်ရာ ယခုကျောင်းဆောင်ပြုပြင်ရန်အပါအဝင် မြို့နယ်တွင်းရှိ ပြုပြင်ရန်လိုအပ်သည့်ကျောင်းများအတွက် လိုအပ်သောဘတ်ဂျက်များကို ပြီးခဲ့သည့်နှစ်က တင်ပြတောင်းခံထားရာ ကျမလာသေးဟု ပြောသည်။
"ကျွန်တော်တို့ မင်းပြားတစ်မြို့နယ်လုံးက ဘတ်ဂျတ်တွေကို မနှစ်ကနေတင်ထားလို့ရှိပါတယ်။ မကျလာသေးတာပါ"ဟု ပြောသည်။
ကြိမ်ချောင်းအထကကျောင်းတွင် လက်ရှိ KG မှ Grade 11 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀၀ ကျော်ခန့်နှင့် ဆရာ၊ ဆရာမ ၂၄ ဦး ရှိသည်ဟု သိရသည်။
အမ်းမြို့နယ် ညောင်ချောင်းသစ်ကျေးရွာတွင်လည်း နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်နေပြီဖြစ်သည့် ကျောင်းဆောင်ဟောင်းတစ်ခုအတွင်း ကျောင်းသူ၊ ကျောင်းသားလေးများကို ထီးမိုးပြီး စာသင်နေရကြောင်း သိရသည်။
ယင်းကျောင်းဆောင်ဟောင်းသည် ခေါင်မိုးနှင့် စာသင်ခန်းများ ပျက်စီးနေ၍ ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်တွင် စာသင်ခန်း ၄ ခန်းပါ ကျောင်းဆောင်သစ်တစ်ခုကိုဆောက်လုပ်ပေးထားသည်ဟု သိရသည်။
သို့သော် ယင်းကျောင်းဆောင်သစ်တွင် အရည်အသွေးညံ့ဖျင်းသည့် သွပ်ပြားများနှင့် မျက်နှာကြက်တို့တို့ကိုအသုံးပြုထားသည့်အတွက် ရွာသားများနှင့် ကျောင်းသားမိဘတို့က လက်မခံသည့်အတွက် တာဝန်ယူဆောက်လုပ်ခဲ့သည့်ကုမ္ပဏီက ယင်းအဆောင်ကို သော့ခတ်ကာ ပိတ်ထားခဲ့သည်ဟု ရွာသားများက ပြောသည်။
လက်ရှိတွင် ကျောင်းဆောင်သစ်တွင် သင်ယူနိုင်ရန် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက စီစဉ်ဆောင်ရွက်နေပြီဟု သိရသည်။
ယင်းကျောင်းဆောင်သစ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အန္တရာယ်မရှိစေရန် အရည်အသွေးကောင်းမွန်သည့် သွပ်ပြားများနှင့် မျက်နှာကြက်များကို အစားထိုးပေးရန်လည်း ရွာသားများနှင့် ကျောင်းသားမိဘများက တောင်းဆိုနေကြသည်။
ယင်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်နှင့် ဆရာ/ဆရာမ ၁၄ ဦးရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကမူ ရခိုင်တွင် ပျက်စီးယိုယွင်းလာနေသည့်စာသင်ကျောင်းများအနက် ယခုနှစ်အတွင်း ကျောင်းပေါင်း ၉ဝဝ ခန့်ကို ပြန်လည်ပြုပြင်ရန်ချပေးထားသည်ဟု ဆိုသည်။
"ဒီနှစ်ပြုပြင်ဖို့ကျလာတဲ့ ကျောင်းပေါင်း ၈၉၇ ကျောင်း ရှိတယ်။ အဲ့ဒါတွေကို မြို့ပညာရေးမှူးတွေကို တာဝန်ပေးသွားမယ်။ ဒီဘဏ္ဍာနှစ်ထဲမှာပဲသတ်မှတ်ထားတယ်။ မိုးရွာနေရင်တော့ ပြင်လို့ရချင်မှ ရမှာပေါ့။ ဘတ်ဂျက်တွေက တွက်ချက်တင်ပြထားတဲ့အတိုင်း ချပေးထားတယ်"ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် စာသင်နှစ်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း ၃ ထောင်ကျော်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကို ဇွန်လ ၂ ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်။ (NN-13)
ဓာတ်ပုံ - မင်းပြားမြို့နယ် ကြိမ်ချောင်းအထကကျောင်း ခေါင်မိုးများမိုးယိုနေ၍ ပျက်စီးနေသည်ကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ