တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေကဘားတစ်ခုတွင် LGBT ကျောင်းသားတစ်ဦး ရိုက်နှက်ခံရသည့်အမှုကို စစ်တွေမြို့နယ်တရားရုံးတွင် လာမည့် ၂၀ ရက်နေ့ စတင်ကြားနာစစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဉ္စရာ၊ ဇွန် ၁၁/၂၀၂၂

 

ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ The Bay Bar တွင် LGBT ကျောင်းသားတစ်ဦးရိုက်နှက်ခံရသည့် အမှုကို စစ်တွေမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် တရားရုံးမှ ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က လက်ခံလိုက်ကာ လာမည့်ဇွန်လ ၂၀ ရက်နေ့တွင် အဆိုပါအမှုကို စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ရိုက်နှက်ခံခဲ့ရသည့် LGBTကျောင်းသားမှာ စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း တက်ရောက် သင်ကြားနေသည့် ဥပဒေမေဂျာဒုတိယနှစ်မှ မောင်ထွန်းအောင်ခိုင်(ခ) မခိုင်ဖြစ်ပြီး  လိင်စိတ်ခံယူမှု ကွဲပြားသူတစ်ဦးအဖြစ် ခံယူထားသူဖြစ်ကြောင်းလည်းသိရသည်။

 

အဆိုပါ LGBT ကျောင်းသားသည် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့၊ ညအချိန်က သူ၏ သူငယ်ချင်းများနှင့် အတူ အဆိုပါဘားတွင်ရှိနေစဉ် ရခိုင်အဆိုတော်သျှင်ထွီးဆိုသူက ထိုကျောင်းသား၏အနောက်မှ လှောင်ပြောင်၊ စနောက်ခြင်းများပြုလုပ်ကာ ခြေထောက်နှင့် ကန်ကျောက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု အဆိုပါကျောင်းသားမှ ပြောသည်။

 

ထိုကဲ့သို့ရိုက်နှက်စော်ကားပြုမှုခဲ့သည်များကို လက်မခံနိုင်သည့်အတွက်ကြောင့် တရားရုံးတွင် တိုင်တန်းဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကာ နာကျင်စေမှုပုဒ်မ ၃၂၃ နှင့် အသေရေဖျက်မှုပုဒ်မ ၅၀၀ တို့နှင့် ရိုက်နှက်ခံရသူဘက်မှ စွဲချက်တင်ထားကြောင်း သိရသည်။

 

ယင်းကဲ့သို့ ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်ကိုလည်း အဆိုပါသျှင်ထွီးဆိုသူ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက် live လွင့်ခဲ့စဉ်က ဝန်ခံပြောဆိုသွားခဲ့ပြီး ညှိနှိုင်းစရာ အကြောင်းအရင်းလည်းမရှိဘဲ မည်သည့်နေရာမှာတိုင်တိုင် သူလိုက်ရှင်းသွားမည်ဟု ပြောဆိုခဲ့ကြောင်း ရိုက်နှက်ခံရသူ LGBT ကျောင်းသားမှ နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

 

ထို့အပြင်တရားဥပဒေအရရင်ဆိုင်ရာတွင် ငွေများတရားနိုင်မဖြစ်စေချင်ဘဲ အမှန်တရားအတိုင်းသာ ဖြစ်စေချင်လိုကြောင်း ရိုက်နှက်ခံရသူ မောင်ထွန်းအောင်ခိုင်(ခ) မခိုင်က ပြောသည်။

 

အမအနေနဲ့ပေါ့နော်။ အကောင်းဆုံးဖြစ်မယ့်အခြေအနေကို အမဘက်ကနေလိုက်ပါပေးမယ့် ရှေ့နေတွေရှိတယ်ပေါ့နော်။ အဲ့ရှေ့နေတွေနဲ့ညှိနှိုင်းသွားပြီးတော့ အမရဲ့အမှုကို အမကလည်း ကျောင်းတစ်ဘက်နဲ့ဆိုတော့ အမရဲ့ရုံးချိန်းတွေကို အဆင်ပြေပြေနဲ့ ရုံးချိန်းတွေကို မှန်မှန်ကန်ကန် ရောက်နိုင်အောင် ကျောင်းကဆရာ၊ ဆရာမတွေနဲ့ အမရဲ့ရှေ့နေတွေနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမှာပါ။ အမှုကိုနိုင်လည်းနိုင်ချင်တယ်ဆိုတာကတော့ အမ အမှန်တရားပေါ်ပေါက်ဖို့၊ အမရဲ့နစ်နာမှုကို တင်ပြထားတာဖြစ်တဲ့အတွက် အမနိုင်ချင်တယ်ပေါ့နော်ဟုပြောသည်။

 

ထို့အပြင်လက်ရှိအချိန်အထိ အဆိုတော်သျှင်ထွီးဆိုသူဘက်မှ ၎င်းအားညှိနှိုင်းရန် တစ်စုံတစ်ရာ ဆက်သွယ်ခြင်းမရှိသည့်အတွက် တရားရုံးတွင်စစ်ဆေးသည့်အချိန်ခါမှ ကျေအေးပေးမည့် အကြောင်းများပြောလာပါက လုံးဝလက်ခံညှိနှိုင်းကျေအေးသွားမည်မဟုတ်ဘဲ အဆုံးထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်LGBTအသိုင်းအဝိုင်းနှင့် အခြားလူမှုအသိုင်းအဝိုင်းများကလည်း LGBT ကျောင်းသားဘက်မှ ဝန်းရံထောက်ပံ့ပေးခဲ့ကြာ LGBTများကို ယခုကဲ့သို့ ကိုယ်ထိလက်ရောက် စော်ကားမှုများကို ရှုတ်ချပြောဆိုမှုများလည်းရှိခဲ့သည်။

 

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်အဆိုတော်သျှင်ထွီးအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

 

အဆိုပါအမှုဖြစ်ပွားခဲ့သည့်နေရာ The Bay Barမှလည်း သျှင်ထွီးဆိုသူမှ အဆိုပါLGBT ကျောင်းသားအား ကိုယ်ထိလက်ရောက်စော်ကားခဲ့ခြင်းကို သူ၏ဝန်ထမ်းများထံမှ စုံစမ်းသိရှိရပြီး ဥပဒေအကြောင်းအရ တရားရင်ဆိုင်ပါကလည်း မျက်မြင်အတိုင်းသက်သေထွက်ဆိုရန် ၎င်းThe Bay Barမှ အဆင်သင့်ရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထုတ်ပြန်ထားသည်။ (NN-8)

 

Photo- The Bay Bar

ဆက်စပ် သတင်းများ