တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေတစ်မြို့လုံးကို ရေပေးနေသည့်ကန်တော်ကြီး နွားစားကျက်မြေဖြစ်နေဟု မြို့ခံများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ၊ ဇွန် ၁၂/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်မြို့လုံးကို ရေပေးနေသည့် ကန်တော်ကြီးကန်သည် ယခုအခါ နွားစားကျက်မြေဖြစ်နေပြီဟု မြို့ခံများက ပြောသည်။
အဆိုပါကန်တော်ကြီးသည် စစ်တွေမြို့ရှိ ရပ်ကွက်ပေါင်း ၃ဝ ကျော်ကို အဓိကရေပေးနေသည့် ကန်တစ်ကန်ဖြစ်ပြီး နွေရာသီတွင် ရေခမ်းခြောက်ကာ ကန်အတွင်းရှိမြေနေရာများ၌ မြက်ရိုင်းပင်များပေါက်ရောက်လျက်ရှိသည်ကိုတွေ့ရသည်။
ထိုမြက်ရိုင်းပင်များကို နွားများနှင့် မြင်းအချို့က လာရောက်စားသုံးကြပြီး ကန်တော်ကြီးကန်သည် စားကျက်မြေလုံးလုံးဖြစ်နေပြီဟု ရပ်ကွက်သားများနှင့် မြို့ခံများက ပြောသည်။
ကန်တော်ကြီးရပ်ကွက်သူ ဒေါ်မမချေ(ခေ) မဟန်သိန်းက “ဒီကန်တော်ကြီးကန်က ရေဆိုရင် စစ်တွေတစ်မြို့လုံးကို ရေပေးနေတာဖြစ်တယ်။ နွားတွေက နွာချေးတွေစွန့်ချလိုက်တော့ ရေထဲမှာကျတယ်။ အဲ့ဒီချေးတွေက ရေထဲပျော်ကျသွားရင် ဒီရေကိုသုံးနေတဲ့လူတွေအတွက်မကောင်းဘူး” ဟု ပြောသည်။
ယင်းအပြင် နွားများက ရေကန်ထဲကိုဆင်းကာ ကန်ရေများကို သောက်သုံးခြင်း၊ နွားချေးမစင်များကို ကန်ရေအနီးစွန့်ပစ်ချခြင်းတို့ကြောင့် ယင်းအနီးတဝိုက်ရှိရေတို့သည်လည်း နောက်ကျိလျက်ရှိသည်ဟုလည်း ဆကပြောသည်။
နွားချေးများရောနှောပျော်ဝင်နေသည့်ယင်းရေကို သောက်သုံးနေသူများတွင် ဘေးဥပါဒ်အန္တရာယ်များဖြစ်လာနိုင်၍ ကျန်းမာရေးအတွက် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။
စစ်တွေမြို့မိမြို့ဖဥက္ကဋ္ဌ ဦးမောင်သာစိန်ကလည်း ယခုကဲ့သို့ နွားများ ဝင်ချင်သလိုဝင်နေကြခြင်းမှာ ခြံစည်းရိုးများမရှိ၍ဖြစ်ပြီး ယခုကိစ္စကို စည်ပင်ဌာနနှင့် အထက်လူကြီးများက ချက်ချင်း ဟန့်တားအရေးယူသင့်သည်ဟု ပြောသည်။
"အဲ့ဒီလို နွားတွေဝင်ပြီးတော့ ကန်တော်ကြီးကန်ဟာ နွားစားကျက်မြေဖြစ်နေတာတော့ လုံးဝမကောင်းဘူး။ သက်ဆိုင်ရာစည်ပင်ဦးစီးဌာနတွေနဲ့ ကန်တော်ကြီးကန်နဲ့သက်ဆိုင်တဲ့ အထက်လူကြီးတွေက အခုလိုဖြစ်နေတာတွေကို ချက်ချင်းဟန့်တားသင့်တယ်။ ခြံစည်းရိုးတွေလည်း ခတ်သင့်တယ်။ အဝေးကြီးသွားပြီးတော့ လုပ်ရမှာလည်း မဟုတ်ဘူး။ ဒီမြို့ထဲမှာပဲရှိတဲ့ကန်ကို လုပ်ချင်ရင် အခုချက်ချင်းထလုပ်လို့ရတယ်"ဟု ပြောသည်။
ခြံစည်းရိုးများနှင့် လုံခြုံရေးမရှိသည့်အတွက် ကန်တော်ကြီးအတွင်း ငါးရှာသူများနှင့် ရေချိုးသူများလည်း ရှိနေပြီး တားမြစ်မည့်သူလည်း မရှိဖြစ်နေကြောင်း ကန်တော်ကြီးရပ်ကွက်သူ ဒေါ်မမချေ(ခေ) မဟန်သိန်းက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ နိရ ဉ္စရာက ဆက်သွယ်မေးမြန်းရာ ပြည်နယ်စည်ပင်ရုံးသို့ဆက်သွယ်ပါဟု ပြောသည်။
ဆက်လက်ပြီး ပြည်နယ်စည်ပင်ရုံးသို့ ဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးက ဖြေဆိုရန်မအားသေးဟု ပြောသည်။
စစ်တွေတွင် အိမ်မွေးတိရစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ကျောင်းထားသူများအား ဒဏ်ငွေရိုက်ကာ သတိပေးအရေးယူမှုများလုပ်ဆောင်ရန်ရှိသည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မကြာသေးခင်က မီဒီယာတစ်ခုကို ပြောဆိုခဲ့ဖူးသည်။
စစ်တွေကန်တော်ကြီးကန်ကို ၁၉ဝ၆ ခုနှစ်မှစတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လူနေထူထပ်မှုများပြားလာ၍ ကန်တော်ကြီးတွင် နှစ်စဉ် ရေခမ်းခြောက်မှုပြဿနာဖြင့် ရင်ဆိုင်နေရသည်။
ယင်းကြောင့် ၂ဝ၁၄ ခုနှစ်မှစတင်ကာ အစိုးရက ကျပ်သိန်းပေါင်း မြောက်များစွာအကုန်အကျခံ တူးဖော်ခြင်းများကို နှစ်စဉ်လိုလို ပြုလုပ်နေသော်လည်း ငွေသာကုန်ပြီး နှစ်စဉ်နွေရာသီရောက်တိုင်း စစ်တွေတွင် ရေရှားပါးမှုနှင့် ကြံုနေရဆဲဟု ဆိုကြသည်။ (NN-12)
ဓာတ်ပုံ - စစ်တွေကန်တော်ကြီးအတွင်း ဝင်ရောက်နေကြသည့်နွားများအား ဇွန်လ ၁၁ ရက် နေ့လယ်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ