တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

၁၁ လအရွယ်ကလေးငယ်သေဆုံးခဲ့ခြင်းမှာ ဆေးဓာတ်မတည့်ခြင်းကြောင့်ဟု တောင်ကုတ်ဆေးရုံပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ၊ ဇွန် ၁၃/ ၂၀၂၂
ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း ၁၁ လအရွယ် ကလေးမလေးတစ်ဦးသေဆုံးခဲ့ရခြင်းမှာ ဆေးဓာတ်မတည့်ခြင်းကြောင့်ဟု တောင်ကုတ်ဆေးရုံက ပြောသည်။
သေဆုံးခဲ့ရသည့်ကလေးမှာ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှ မိခင်ဒေါ်အငယ်မနှင့် ဖခင်ဦးစိတ်ကောင်းတို့၏သမီး မဖွေးဖွေးလှုပ်ဖြစ်သည်။
ထိုကလေးမမှာ ၃ ရက်ကြာ ဖျားခြင်း၊ ကျပ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း စသည့် ပြင်းထန်အဆုပ်ပွ နမိုးနီးယားရောဂါလက္ခဏာများဖြစ်၍ ဆေးရုံတက်နေရာ လိုအပ်သော ဆေးထိုးခြင်း၊ ဆေးရှူနေရခြင်းများ ပြုလုပ်နေရသည်ဟု ဇွန်လ ၁၀ ရက်နေ့တွင် တောင်ကုတ်ဆေးရုံက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကလေးကို ပိုးသတ်ဆေး Injection Cefotaxime 500mg ကို တတိယအကြိမ်မြောက်ထိုးစဉ် ယခုကဲ့သို့ ဓာတ်မတည့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ဆေးစမ်းပြီးထိုးခဲ့ရာတွင် ဓာတ်မတည့်ခြင်းမဖြစ်ခဲ့ဟု ထုတ်ပြန်ချက်က ရေးသားထားသည်။
ယင်းကလေးငယ်သည် တတိယအကြိမ်မြောက်ဆေးထိုးခံရပြီးနောက် မိနစ်ပိုင်းအတွင်း ရုတ်တရက် ဓာတ်မတည့်ခြင်းဖြစ်ကာ ကလေးတစ်ကိုယ်လုံး ပြာနှမ်းပြီး အသက်ရှူမဝဖြစ်လာခဲ့ကာ နှလုံးရပ်သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ချက်ချင်းဆိုသလို လိုအပ်သော ဖြေဆေး၊ အောက်ဆီဂျင်၊ နှလုံးပြန်တုန်ဆေး၊ အသက်ကယ်ခြင်းများပြုလုပ်ခဲ့သလို လိုအပ်သော ဆေးထိုး၊ ရင်ဘတ်ဖိ၊ လေမှုတ် အသက်ကူကြိုးစားကြသော်လည်း နာရီဝက်ကျော် ၁ နာရီခန့်သာကြာလာခဲ့သော်လည်း အချည်းအနှီးဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်မှာ ၎င်းတို့ကိုအကာအကွယ်အဖြစ်ပြုလုပ်ထားသည့်သဘောမျိုးဖြစ်ပြီး လက်တွေ့နှင့် ကွာခြားမှုရှိနေသည်ဟု အမည်မဖော်လိုသည့် သေဆုံးသွားသည့်ကလေးနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“မိဘတွေပြောတာကတော့ သူတို့သမီးက အများကြီး အမြဲတမ်းဖြစ်နေတာမဟုတ်ဘဲနဲ့ ချောင်းနည်းနည်းဆိုးလို့ မောနေလို့ ဆေးရုံသွားပြခဲ့တယ်။ ဆေးရုံမှာက ကလေးဆရာဝန်မရှိလို့ သူနာပြုတွေက ဆေးရုံတက်ရမယ်လို့ ပြောတော့ တက်လိုက်တာပါ။ အမှန်ဆိုရင် အဲလောက်ထိအသည်းအသန်ဖြစ်တာ မဟုတ်ဘူး”ဟု ဆိုသည်။
ကလေးသေဆုံးမှုမှာ ဆေးရုံနှင့်မသက်ဆိုင်ကြောင်းကိုလည်း မိဘများက ဆေးရုံတွင် ယင်းနေ့က ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်ဟုလည်း ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။ (NN-11)

ဆက်စပ် သတင်းများ