တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်သားတစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အခြေအနေတင်းမာနေကာ ဈေးနှင့်ကျောင်းများကိုယာယီပိတ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k


Narinjara News
ဇွန် ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီ တပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အခြေအနေ တင်းမာနေပြီး ဈေးနှင့် စာသင်ကျောင်းများကို ယနေ့ ယာယီပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
၎င်းပြင် ပုဏ္ဏားကျွန်းမြို့တွင် ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း၊ အရေအတွက်ကို အတိအကျမသိရသေးကြောင်း ၎င်းတို့က ဆက်လက်ပြောဆိုသည်။
ပုဏ္ဏားကျွန်းမြို့တွင် ယနေ့လဇွန်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက ဈေးဖွင့်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုများရှိနေ၍ မနက်အစောပိုင်း ၈ နာရီခန့်ကနေ ဈေးပိတ်ထားပြီး စာသင်ကျောင်း များကိုလည်း ကျောင်းသားများ ကျောင်းမတက်ရဲ၍ ပိတ်ထားကြောင်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။
"မြို့အခြေအနေကတော့ တိတ်ဆိတ်နေပါတယ်။ စိုးရိမ်လို့ ဈေးတွေ၊ကျောင်းတွေလည်း ပိတ်ထားကြတယ်။ မနက်ပိုင်းစောစော ခဏတော့ဖွင့်တယ်။ စစ်တပ်ဘက်ကလူတွေလာတာမြင်လို့ ပိတ်လိုက်ကြတာ။ ကလေးတွေလည်း ကျောင်းမသွားဘူး။ မိဘတွေကလည်း မလွှတ်ကြဘူး"ဟု ပြောသည်။
ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီဖက်ကလည်း အရပ်သားနှစ်ဦးကို ခမရ(၅၅၀)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။
လက်ရှိတွင်လည်း လမ်းသွားလမ်းလာများနှင့် ဒေသခံတစ်ချို့ကို စစ်ဆေးမှုများ ရှိနေပြီး နေအိမ်များကိုလည်း ဧည့်စာရင်ဝင်ရောက် စစ်ဆေးမှုများရှိကြောင်း၊ ဒေသခံ အရပ်သားတချို့ကို ဖမ်းဆီးမှုများ ရှိနေသော်လည်း အတိအကျ မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"စစ်ဆေးတဲ့ပုံစံမျိုးတွေတော့ ကြားတယ်။ အခုလည်း လမ်းသွား လမ်းလာတွေကို စစ်နေလို့လေ။ သူတို့(စစ်တပ်)ဘက်က လူကြီးတွေကိုယ်တိုင် ကွင်းဆင်းဖို့ရှိတယ်လို့ သိရတယ်။ ဒါကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့ ပုံစံမျိုးတွေ့ရတယ်"ဟု ပြောသည်။
ယမန်နေ့ ည ညဉ့် ၁၁ နာရီခန့်အထိ မကြာမကြာ ပစ်ခတ်သံများကို ကြားခဲ့ရပြီး ရပ်ကွက်တချို့တွင် နေအိမ်အောက်တွင် နေထိုင်ခဲ့ရမှုများရှိကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက လက်နက် အင်အားအပြည့်ဖြင့် နေရာယူထားပြီး သွားလာလှုပ်ရှားမှုများရှိနေ၍ ဒေသခံများအပြင်မထွက်သည့်အတွက် မြို့မှာ တိတ်ဆိတ်နေကြောင်း သိရသည်။
ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက မြန်မာစစ်တပ်က AA တပ်ဖွဲ့ဝင်များနှင့် ထောက်ခံသူများကို ဖမ်းဆီးမှုများရှိသောကြောင့် မြန်မာစစ်တပ်၏တပ်သားများကို ပြန်ဖမ်းရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ( NN-7)

ဆက်စပ် သတင်းများ