တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပညာရေးဝန်ထမ်း ၂ ဦးကို ပြန်ပေးဆွဲခြင်းမှာ ရက္ခိုင့်ဆရာ၊ ဆရာမအားလုံးအပေါ် ခြိမ်းခြောက်ခြင်းဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.8k


နိရဥ္စရာ၊ ဇွန် ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာမတစ်ဦးတို့ကို ပြန်ပေးဆွဲခြင်းမှာ ၎င်းတို့ ၂ ဦးသာမက ရက္ခိုင့်ဆရာ၊ ဆရာမအားလုံး အပေါ် ခြိမ်းခြောက်မှုဖြစ်သည်ဟု ရက္ခိုင့်ဆရာ၊ ဆရာမများက ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်တွင် အချက် ၅ ချက်ကိုလည်း ထည့်သွင်းတောင်းဆိုထားသည်။
ယင်းအချက် ၅ ချက်မှာ ပြန်ပေးဆွဲမှုလုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ ဆရာကြီးနှင့် ဆရာမအား အသက်န္တရာယ်ကင်းစွာဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန်၊ အသက်အန္တရာယ်ထိခိုက်မှုရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ပြဿနာများသည် ထိုဖွဲ့အစည်း၏တာဝန်သာဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံရသည့် ဆရာကြီးနှင့် ဆရာမ လွတ်မြောက်ရေးအတွက် ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံဖြင့် ဆက်သွယ် ရှာဖွေပေးရန်၊ ဤကဲ့သို့ အလားတူဖြစ်ရပ်မျိုး မဖြစ်စေရန်တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၏ အသက်ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန်၊ ဤသို့ပြန်ပေးဆွဲမှုသည် အကြမ်းဖက်လုပ်ရပ်သာဖြစ်ပြီး လူမျိုးရေးပဋိပက္ခသို့ ဦးတည်မသွားရန် အလေးအနက် တောင်းဆိုအပ်သည် စသည်တို့ဖြစ်သည်။
ပြန်ပေးဆွဲခံလိုက်ရသူနှစ်ဦးမှာ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ရှိ သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်း (၃၄ နှစ်)နှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်(၂၃ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် လမ်းတွင် ပြန်ပေးဆွဲခံလိုက်ရခြင်းဖြစ်သည်။
ယနေ့အထိ သူတို့ ၂ ဦး ပြန်လွတ်မလာသေးသလို မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရသေးပေ။
သူတို့ ၂ ဦး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက်လည်း ရခိုင်ပြည်နယ်အစိုးရနှင့် စစ်ကောင်စီတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ရခိုင်ပါတီအသိုင်းအဝိုင်းများနှင့် ဒေသခံပြည်သူများက တိုက်တွန်းတောင်းဆိုနေကြသည်။ (NN-11)

ဆက်စပ် သတင်းများ