တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပြန်ပေးဆွဲခံလိုက်ရသည့် ပညာရေးဝန်ထမ်း ၂ ဦးကိစ္စ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ ဇွန် ၂၂/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ ပြန်ပေးဆွဲခံထားရသည့်ကိစ္စနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်က ပြောဆိုလိုက်သည်ဟု သိရသည်။
ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦးကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့စဉ် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သွားရောက်တွေ့ဆုံခဲ့သူ ANP ပါတီမှ ဦးခိုင်ဆန်းအောင်က ပြောသည်။
“ကောင်စစ်ဝန်ပြောတာက ကျွန်တော်တို့က နယ်စပ်မှာရှိတဲ့ လုံခြုံရေးတွေနဲ့ စကားပြောနေတယ်။ သူတို့လည်း လုံခြုံရေးအတင်းအကျပ် ချထားတာတွေရှိတယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစားနေတယ်။ ဒီလိုဖြစ်သွားတာကိုလည်း ကျွန်တော်တို့စိတ်မကောင်းဖြစ်မိပါတယ်။ အခု ပြန်ပေးဆွဲခံထားရတဲ့ ဆရာ၊ ဆရာမနှစ်ယောက်ရဲ့မိသားစုကိုယ်စား ကျွန်တော်အရမ်းဝမ်းနည်တယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောတယ်”ဟု ပြောသည်။
ပြန်ပေးဆွဲခံလိုက်ရသူနှစ်ဦးမှာ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ရှိ သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်း (၃၄ နှစ်)နှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်(၂၃ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် လမ်းတွင် ပြန်ပေးဆွဲခံလိုက်ရခြင်းဖြစ်သည်။
ယနေ့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်နှင့်တွေ့ဆုံစဉ် ရခိုင်မျိုးသားပါတီ(ANP)က မောင်တောမြောက်ပိုင်း၌ ဖြစ်နေသည့် ဆရာ၊ ဆရာမကိစ္စနှင့်ပတ်သက်၍ စာတစ်စောင်ပေးခဲ့သည်ဟု ဦးခိုင်ဆန်းအောင်က ပြောသည်။
“စာထဲမှာက အခုအချိန်မှာ လူ့အဖွဲ့အစည်းကြားမှာ သဟဇာတဖြစ်ဖို့အတွက်ကို ကြိုးစားနေတဲ့အချိန်မှာ အရမ်းစိုး ရိမ်ဖို့ကောင်းတယ်။ နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ်ဆိုတာက ရခိုင်နဲ့နယ်စပ်ဖြစ်တဲ့အတွက် မိတ်ကောင်းဆွေ ကောင်းလည်းဖြစ်တယ်။ တစ်စုံတစ်ရာဖြစ်လာရင် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သက်ဆိုင်ရာ အစိုးရကပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေကြတဲ့လူတွေပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ပေးဖို့တောင်းဆိုတယ်လို့လည်း စာပါမှာရှိတယ်”ဟု ဆိုသည်။
လက်ရှိအချိန်ထိ ပြန်ပေးဆွဲခံထားရသည့် ပညာရေးဝန်ထမ်း ၂ ဦးမှာ မည်သည့်နေရာ၌ရှိနေသည်ကို တစ်စုံတစ် ယောက်မှမသိရှိသလို ပြန်ပေးဆွဲအဖွဲ့လည်း တာကာငွေ သိန်း ၅၀ တောင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူတို့က ပြန်ပေးဆွဲသမားတို့နှင့် ညှိနှိုင်းနေကြသည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါပညာရေးဝန်ထမ်း ၂ ဦး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့က အစွမ်းကုန်ကြိုးပမ်းပေးရန်လည်း ရခိုင်ရှိ ဆရာ၊ ဆရာမအသိုင်းအဝိုင်းနှင့် နိုင်ငံရေးပါတီများ၊ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက တောင်းဆိုနေကြသည်။ (NN-11)
Photo - ANP

ဆက်စပ် သတင်းများ