တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေတွင် ဖမ်းဆီးစစ်ဆေးမှုများနေ၍ နည်းပညာတက္ကသိုလ်(စစ်တွေ)တစ်ကျောင်းလုံး ကျောင်းမတက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဉ္စရာ၊ ဇွန် ၂၄/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့မှစတင်ကာ ဖမ်းဆီးစစ်ဆေးမှုများနှင့် သေနတ်သံများထွက်ပေါ်ခဲ့မှုကြောင့် လုံခြုံရေးကိုစိုးရိမ်၍ နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများအားလုံး ယနေ့တွင် ကျောင်းမတက်ကြဟု သိရသည်။
အဆိုပါနည်းပညာတက္ကသိုလ်(စစ်တွေ)သည် စစ်တွေမြို့နယ်၊ တပ်နယ်ဘက်အလွန် ရေချမ်းပြင်ကျေးရွာတွင် တည်ရှိပြီး စစ်တွေမြို့နှင့်အလှမ်းဝေးကာ စစ်တွေမြို့အထွက် တပ်ထိန်းဂိတ်တွင်လည်း စစ်ဆေးမှုများရှိနေသဖြင့် မိမိတို့လုံခြုံရေးကိုစိုးရိမ်၍ ယနေ့ ဇွန်လ ၂၄ ရက်တွင် ကျောင်းမတက်ခဲ့ကြခြင်းဖြစ်ကြောင်း နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
"တပ်ထိန်းဂိတ်မှာ စစ်နေတော့ ဒီကနေပြီး ကျောင်းကားက သွားခဲ့မယ်ဆိုရင် မြို့ထဲကအထွက်ဆိုရင် ရသေးတယ်။ မြို့ပြင်ကပြန်အဝင်ဆိုရင် ခက်တယ်။ အားလုံးကိုစစ်တယ်။ တကယ်လို့ကျောင်းကားကို လွှတ်ပေးတယ်ဆိုရင်တောင် အကြာကြီးစောင့်ရတယ်။ ဒါကြောင့် ဒီနေ့ တစ်ယောက်မှကျောင်းမသွားဖြစ်ကြဘူး" ဟုပြောသည်။
ထို့အပြင် ရထားဖြင့်သွားရာတွင်လည်း စစ်တွေမြို့ထဲတွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခဲ့သည်ရှိပါက မြို့ပြင်မှ မြို့ထဲသို့ဝင်ခွင့်မရတော့မည်ကို စိုးရိမ်ရကြောင်း ကျောင်းသားများက ပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ကျောင်းမှ ဆရာ၊ ဆရာမများကလည်း တစ်စုံတစ်ရာညွှန်ကြားထားမှုမရှိသေးဘဲ မိမိတို့နားလည်မှုနှင့် ကျောင်းမတက်ဘဲ နေကြခြင်းသာဖြစ်ကြောင်း နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။
ထို့အပြင် ပုံမှန်အတိုင်းကျောင်းတက်နိုင်ရန်အတွက်ကျောင်းသားများကို အစစ်အဆေးများမှ ကင်းလွှတ်ပေးသင့်ပြီး အနှောင့်အယှက်မရှိဘဲကျောင်းတက်နိုင်သည်ဆိုလျှင်လည်း လက်ရှိအခြေအနေအရ ကျောင်းသွားနိုင်မည့်အခြေအနေမှာ လုံးဝမသေချာသေးကြောင်း အဆိုပါကျောင်းသားကပြောသည်။
"ဒီအခြေအနေအရ ကျောင်းသားတွေလုံခြုံရေးအတွက် ကျောင်းအာဏာပိုင်တွေနဲ့ ပြည်နယ်အစိုးရဘက်ကလည်း တစ်ခုခုစီစဉ်ပေးစေချင်ပါတယ်။ ကျောင်းအကြာကြီးမတက်ရဘဲနေရင်လည်း ကျောင်းသားတွေအတွက် အများကြီးနစ်နာမှုရှိပါတယ်" ဟုပြောသည်။
ယနေ့တွင် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းအချို့အပါအဝင် အလယ်တန်းနှင့် မူလတန်းကျောင်းအချို့၌ ကျောင်းတက်ရောက်သူများနည်းပါးနေသကဲ့သို့ မြို့ပေါ်အထင်ကရလမ်းများတွင်လည်း လမ်းသွားလမ်းလာများမှာ ယခင်ထက်နည်းပါးလျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့တွင် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးအား ယမန်နေ့ ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေပြီး စစ်တွေမြို့အဝင်အထွက်လမ်းတစ်ချို့နှင့် ရပ်ကွက်တချို့တွင် စစ်ကောင်စီဘက်မှ လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများတင်းကျပ်နေကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၃ ရက်၊ နေ့လယ်ပိုင်းကလည်း စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာမှ မူဆလင်အမျိုးသားတစ်ဦးနှင့် စစ်တွေမြို့အတွင်း ရပ်ကွက်အချို့မှလည်း ဖမ်းဆီးခံရသည့် ဒေသခံများရှိကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ညအချိန် ၉ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း စစ်တွေမြို့ မင်းဂံဆင်းလမ်းနှင့် စစ်တွေကားဂိတ်အနီးတွင် သေနတ်ပစ်ခတ်သံများ ၁၁ ချက်ခန့်ကြားခဲ့ရပြီး ဒေသခံများအကြား ထိတ်လန့်မှုရှိခဲ့ကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ