တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စွန်ရဲမြစ်တွင်သွယ်တန်းထားသည့် နိမ့်ဆင်းနေသောလျှပ်စစ်ကြိုးကိုထိမိ၍ ဒေသခံ ၁ ဦး ဓာတ်လိုက်ကာ ဆေးရုံတင်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

နိရ ဉ္စရာ၊ ဇွန် ၂၆ / ၂ဝ၂၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် မင်းပြားမြို့နယ်ကြားရှိ စွန်ရဲမြစ်ကိုဖြတ်သန်းသွယ်ထားသည့် နိမ့်ဆင်းနေသော မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ကြိုးကိုထိမိ၍ ဒေသခံ ၁ ဦး ဓာတ်လိုက်ကာ ဆေးရုံတင်လိုက်ရသည်ဟု သိရသည်။
ဓာတ်လိုက်၍ ဆေးရုံတင်လိုက်ရသူမှာ မင်းပြား မြို့နယ် စွန်ရဲကျေးရွာမှ အသက် ၆ဝ အရွယ် ဦးမောင်ဦးဖြူဖြစ်သည်။
သူသည် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၁ဝ နာရီခန့်တွင် စွန်ရဲကျေးရွာမှ ကြောင်ချောင်းကျေးရွာသို့ မီးသွေးများယူရန်သွားစဉ် အဆိုပါ နိမ့်ဆင်းကျနေသည့် လျှပ်စစ်ကြိုးဖြင့်ထိမိ၍ သတိလိုက်ကာ ပေါက်တော ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သားဖြစ်သူ ကိုမောင်ပုချေက နိရဥ္စရာကိုပြောသည်။
"ကျနော်က ဘုတ်ရဲ့ဝမ်းဗိုက်ထဲမှာ။ အဖေတို့ မြေးအဖိုးက ဘုတ်ခေါင်မိုးပေါ်မှာလေ။ အဲဒီမှာ ဓာတ်ကြိုးက တအားနိမ့်လွန်းတယ်။ အဲဒါကြောင့် ဓာတ်ကြိုးနဲ့ထိသွားတော့ အဖေလဲသွားတာ။ ကျနော်တက်ကြည့်လိုက်တော့ အဖေက လဲနေပြီး ပါးစပ်က အမြှုပ်တွေထွက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါနေတယ်။ သတိလည်း လပ်သွားတယ်။ မြေးလေးကတော့ ဘာမှဖြစ်မသွားဘူး"ဟု ပြောသည်။
လက်ရှိတွင် ဦးမောင်ဦးဖြူမှာ ဆေးရုံတွင် သတိလည်းရပြီး စကားလည်း ပြောနိုင်ပြီဖြစ်ကာ နေကောင်းသွားပြီဟု ဆိုသည်။
ပေါက်တောမြို့နှင့် စွန်ရဲကျေးရွာသို့ဖြတ်သန်းသွယ်တန်းထားသည့် စွန်ရဲတံတားအနီးတွင် မြစ်ပြင်ကိုဖြတ်သန်းသွယ်တန်းထားသည့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ကြိုးများသည် ယခုနောက်ပိုင်း အလွန်တရာ နိမ့်ဆင်းလာနေသည်ဟု သိရသည်။
မြစ်အတွင်းသွားလာနေကြသည့် စက်လှေကြီးများ၊ မော်တော်ဘုတ်များနှင့် ငါးဖမ်းစက်လှေများသည်လည်း ထိုဝါယာကြိုးများကို ဝါးလုံးများဖြင့် ဖယ်ရှားပြီးသွားလာနေရသဖြင့် အလွန်အန္တရာယ်ရှိနေသည်ဟု ဒေသခံများက ပြောကြသည်။
"ကြိုးက တအားနိမ့်တာ။ အမှန်က တံတားနဲ့ တပြေးညီဖြစ်ရမှာလေ။ အခုက တံတားထက် တစ်ပေကျော်လောက် နိမ့်နေတယ်။ ကျနော့်ဘုတ် ငယ်ငယ်လေးတောင် ခေါင်မိုးနဲ့ မလွတ်ကင်းဘူး"ဟု ကိုမောင်ပုချေက ဆက်ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မျိုးဝင်းကို နိရဉ္စရာက ဆက်သွယ်ရာ သူက ယင်းကြိုးများကို ယခင်ကလည်း သွားရောက်ဆွဲဆန့်ခဲ့ပြီဖြစ်ပြီး ယခုထက်ပိုဆွဲဆန့်ပါက အဆင်မပြေ၍ သက်ဆိုင်ရာကိုတင်ပြထားသည်ဟုလည်း ပြောသည်။
"ကျနော် အထက်ကိုလည်း တင်ပြထားတယ်။ သူတို့က လာမဲ့ဘတ်ဂျက်နှစ်မှာ ဒီဟာတွေကို လုပ်မယ်၊ ထည့်ပေးမယ်လို့ ပြောပါတယ်"ဟု ပြောသည်။
လက်ရှိတွင်လည်း ယခုကဲ့သို့ အန္တရာယ်မဖြစ်စေရန် တံတားပေါ်တွင် အသိပညာပေးဗီနိုင်းများကပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်ကလည်း ပေါက်တောမြို့နယ် ဖဒူကျေးရွာမှ စက်လှေတစ်စီးသည် စွန်ရဲမြစ်ကြောင်းအတိုင်း မောင်းနှင်လာစဉ် အဆိုပါဝါယာကြိုးများဖြင့် မလွတ်ကင်းသဖြင့်ဖယ်ရှားရာမှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။ (NN-2)

ဆက်စပ် သတင်းများ