တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပလက်ဝမြို့အနီး လက်နက်ကြီးပစ်ခတ်သံများကြားရပြန်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးတွင် ယနေ့နံနက် ၁၁ နာရီကျော်ခန့် အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးသံမျာကို ကြားခဲ့ကြရသည်ဟု ဒေသခံများပြောဆိုသည်။
လက်နက်ကြီး ပစ်သံများထွက်ပေါ်လာသဖြင့် တောတောင်များတွင် ဟင်းသီးဟင်းရွက် ရှာရန်သွားခဲ့ကြသူများလည်း ကြောက်လန့်၍ ထွက်ပြေး လာခဲ့ရသည်ဟု ဒေသခံများကပြောသည်။
အဆိုပါလက်နက်ကြီးပစ်ခတ်သံသည် မည်သည့်နေရာမှ မည်သည့်နေရာသို့ ပစ်ခတ်နေခြင်းကို မှန်းဆ မရဖြစ်နေကြပြီး ပလက်ဝမြို့အနီး ရေတံခွန် တောင်ပေါ်မှ ပစ်ခတ်နေသည်ဟုလည်းကောင်း၊ ရုပ်ဝတောင်တန်းဘက်မှ ပစ်ခတ်နေသည်ဟုလည်းကောင်း ဒေသခံများက ပြောဆိုသည်။
အမည်မဖော်လိုသည့် ပလက်ဝမြို့ခံတစ်ဦးက "ရေတံခွန်တောင်နားက ခူမီရွာကလူတွေ နာနတ်သီးတို့ ဟင်းတို့သွားခူးတာက ကြောက်လန့်ပြီး ထွက်ပြေးလာရတယ်လို့ကြားတယ်။ လက်နက်ကြီးထုကြတယ် ဆိုကတည်းက တခုခုထူးခြားမှုရှိလို့ ထုတာထင်တယ်။ ဘယ်နေရာမှာ စစ်ဖြစ်နေလည်းတော့ မပြောတတ်သေးဘူး" ဟုပြောသည်။
ထိုလက်နက်ကြီးပစ်ခတ်သံများသည် ယနေ့နံက် ၁၁ နာရီကျော်ခန့်တွင် ခုနှစ်ချက်နှင့် မွန်းတည့် ၁၂ နာရီကျော်လောက်တွင် နှစ်ချက်၊ စုစုပေါင်း ကိုးချက်ခန့် ကြားလိုက်ရကြောင်း ဒေသခံများကပြောသည်။
နောက်ထပ်ပလက်ဝဒေသခံတစ်ဦးက "ဒီနေ့မနက်က အမြောက်ပစ်သံတွေ ကြားလိုက်ရတယ်။အသံတွေကတော့ အဘောင်သားတို့၊ ရုပ်ဝတို့နားကလိုမျိုးပဲ။ သူတို့ဘက်ကိုမေးကြည့်နေသေးတယ်" ဟုပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝ နာရီခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့် ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ စစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပလက်၀ အခြေစိုက် ၂၈၉ တပ်ရင်းက လက်နက်ကြီး ပစ်ကူမှုများ ပြုလုပ်ခဲ့သည်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးများရှိခဲ့သဖြင့် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းနှင့် ကျေးရွာအနီး တပ်ချ၍ လုံခြုံရေးကို တင်းကျပ်ခဲ့မှုများ ရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးတွင် တည်ရှိသည့် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှစ်ယောက်အပါအဝင် ရွာသား အများအပြား ကိုလည်း စစ်တပ်ကဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်အကြာတွင် ဆယ်အိမ်မှူး နှစ်ဦးနှင့် ရွာသားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူး အပါအဝင် အနည်းဆုံး ရွာသား ၄ ဦးမှာ လက်ရှိ အချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ