တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မိုင်းနင်းမိ၍ဒဏ်ရာပြင်းထန်စွာရရှိသွားသူကျောက်တော်ဒေသခံ စစ်တွေဆေးရုံတွင်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ဇူလိုင် ၂/ ၂၀၂၂
မြေမြုပ်မိုင်းပေါက်ကွဲ၍ဒဏ်ရာရရှိသွားသည့် ကျောက်တော်မြို့နယ်၊ ဝက်မှိုင်းကျေးရွာမှ ဦးသန်းစိန်မောင် (၄၅) နှစ်သည် ယနေ့ ညနေက ကွယ်လွန်သွားပြီဟု သိရသည်။
၎င်းသည် ယနေ့ ဇူလိုင်လ ၂ရက် ညနေ ၃နာရီကျော်အချိန်ခန့်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဥ် ကွယ်လွန် သွားခြင်းဖြစ်သည်ဟု သားဖြစ်သူ ကိုကျော်သန်းကပြောသည်။
“ကျွန်တော့်အဖေက မိုင်းထိကတည်းက ခြေတစ်ဖက်ပြတ်သွားတယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း ဒဏ်ရာတွေ ရသွားတယ်။ အဲဒါကြောင့် မနေ့ကကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ယူဆောင်ခဲ့တယ်။ နောက်ခြေ ထောက်တစ်ဖက်လည်း ဒဏ်ရာပြင်းထန်တော့ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ကြည့်လို့ မနက်ဖြန်ဖြတ်ရမယ်လို့ ပြောကြတယ်။ ဒါပေမဲ့အခုတော့ အသက် မရှိတော့ပါဘူး”ဟုဆိုသည်။
ဦးသန်းစိန်းမောင်မှာ ယမန်နေ့ ဇူလိုင်လ ၁ရက်နေ့ နေ့လယ် ၁နာရီကျော်အချိန်ခန့်တွင် ကျေးရွာအနီးရှိ ခမရ (၃၇၅)တပ်ရင်းအနီးတွင် နွားကျောင်းနေစဥ် မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ကာ ခြေထောက် တစ်ဖက်ပြတ်သွား ခဲ့သည်။
ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယမန်နေ့ကပင် ယူဆောင်လာပြီး နောက်ခြေထောက် တစ်ဖက်ကို ဖြတ်ပစ်ရန် စီစဉ်နေချိန်တွင် ၎င်းဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် နှစ်လအတွင်း မြေမြုပ်မိုင်းပေါက်ကွဲ၍ အရပ်သား သေဆုံးမှုမှာ ဦးသန်းစိန်မောင် အပါအဝင် (၅) ဦးခန့်ရှိနေပြီဖြစ်ရာ ပြည်သူများအနေဖြင့် အထူးစိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှ မြို့နယ် ၆ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မေလ ၁၄ရက်နေ့မှ ဇွန်လ ၂၂ရက်နေ့အထိ(၂) လအတွင်း မြေမြုပ်မိုင်း ၇ ကြိမ် ပေါက်ကွဲခဲ့သဖြင့် ၄ ဦးသေဆုံးခဲ့ကာ ၅ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ဟု နိရဉ္စရာ သတင်းဌာက စုံစမ်း သိရှိရသည်။
၎င်းမိုင်းများမှာ ရခိုင်ပြည်နယ် အမ်း၊မင်းပြား၊ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
သေဆုံးခဲ့သူ ၄ဦးမှာ အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာမှ ဦးသန်းမင်းနိုင်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ မှ ဦးအောင်သာထွန်း၊ မြေပုံမြို့နယ်၊စညှင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်သန်းတင်နှင့် ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ဒေါ်မတင်သိန်းတို့ဖြစ်ကြသည်။
ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူများ ပလက်ဝမြို့နယ် ငချားကျေးရွာမှ ကိုအောင်အောင်ဦး (ဘယ်ဖက်ခြေ ထောက်ပြတ်ဒဏ်ရာရ)နှင့် သကာချောင်း ကျေးရွာမှ ဒေါ်ဝင်းခင် (ညာခြေထောက်ပြတ်ဒဏ်ရာရ၊စစ်ဘေးရှောင်)၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်ခစန်းမှ ဦးမောင်ကြည်ဝင်း၊ရသေ့ တောင်မြို့နယ်၊ သာစည်ကုန်းကျေးရွာမှ ဦးအေးစိန်ထွန်းနှင့် ဒေါ်အေးစိန်နု (လင်မယား)တို့ဖြစ်ကြသည်။

ဆက်စပ် သတင်းများ