တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားတွင် မိုင်းနင်းမိ၍ လူငယ်တစ်ဦး ဘယ်ခြေထောက်ပြတ်ထွက်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k

နိရဥ္စရာ၊ ဇူလိုင် ၄/၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အထက်ခချီးမြောင်ကျေးရွာမှ လူငယ်တစ်ဦး မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသည့်အတွက် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ အသက် ၂၈ နှစ်အရွယ် အထက်ခချီးမြောင်ကျေးရွာမှ ကိုမောင်လှထွန်းဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၃ ရက်နေ့၊ နေ့လယ် ၃ နာရီခွဲခန့်က ကျေးရွာအနီးရှိတောင်ပေါ်သို့ သစ်ခုတ်ရန်သွားစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းနင်းမိ၍ ထိုလူငယ်တွင် ဘယ်ဖက်ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိကာ ခြေမျက်စိအောက်ခြေမှပြတ်သွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
"ဒီနေ့ တိုင်းဗဟို ၉ နားက ချင်းရွာက လူငယ်တစ်ယောက် သွားနေကျလမ်းမှာ မိုင်းထိလို့ ခြေထောက်ပြတ်ပြီး ဆေးရုံရောက်နေတယ်"ဟု ပြောသည်။
လက်ရှိ ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်တပ်တို့ နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း စစ်တပ်တပ်စွဲထားသည့် နေရာအများအပြားနှင့် ယခင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာများအနီးတဝိုက်တွင် မိုင်းပေါက်ကွဲမှုများ မကြာခဏရှိနေပြီး အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ဇူလိုင် ၁ ရက်နေ့က ကျောက်တော်မြို့နယ်၊ ဝက်မှိုင်းကျေးရွာမှ ကျေးရွာသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းထန်ဒဏ်ရာကာ စစ်တွေဆေးရုံ၌ ဇူလိုင်လ ၂ ရက်တွင် ဆေးကုသရင်း ကွယ်လွန်သွားခဲ့သေးသည်။
ရခိုင်တွင် ဇွန်လအတွင်းက ကျောက်တော်၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများကြောင့် စစ်ဘေးရှောင် ၁ ဦးသေဆုံးပြီး ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလအတွင်းကလည်း ကျောက်တော်၊ အမ်းနှင့် မင်းပြားစသည့်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ (NN-7)

ဆက်စပ် သတင်းများ