တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေပါဒလိတ်ရွာအနီးရှိ စစ်ကောင်စီတပ်များက ညအချိန် သေနတ်ပစ်ဖောက်မှုများပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

နိရဥ္စရာ၊ ဇူလိုင် ၅ / ၂ဝ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်ရင်း ( ၃)ခုက ယမန်နေ့ညအချိန် သေနတ်များပစ်ဖောက်ခဲ့သည့်အတွက် ဒေသခံများ အနေဖြင့် စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ရွာသားများကပြောသည်။
ရွာသားတစ်ဦးက “ရွာသားတွေကလည်း အလန့်တကြားဖြစ်ပြီးတော့ ကြောက်လန့်ပြီးတော့ ပြေးတဲ့သူလည်း ပြေးကြတယ်။ ရွာထဲကိုဝင်ပြီးတော့ ပစ်မလား၊ ရွာထဲဝင်ပြီး ပစ်ပြီးတော့ သေနတ်တွေနဲ့ ရွာထဲတွေကို ဖောက်ပြီးတော့ ဝင်မလား အဲလိုကြောက်ကြတယ်လေ။ စိုးရိမ်ကြတယ်။ ကြောင့်ကြတယ်။ ဒါကြောင့် ရွာသားတွေကတော့ ကျီးလန့်စာ စားသလို ဖြစ်နေရတယ်လေ”ဟု ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၄ ရက် ည ၉ နာရီ မိနစ် ၂ဝ ခန့်တွင် ပါဒလိတ်ရွာ တောင်ဘက်ရှိ ၃၄၄ တပ်ရင်း၊ ရွာအရှေ့ဘက်ရှိ ၂၃၂ တပ်ရင်းနှင့် ရွာအရှေ့တောင်ထောင့်ရှိ ပညာရေး(၁ဝ) လေ့ကျင့်ရေးတပ်တို့မှ သေနတ်ပစ်ခတ်မှုထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နောက်ထပ် ရွာသားတစ်ဦးကလည်း “အချိန်အခါမဟုတ်တဲ့အချိန်မှာ ပစ်သံကြားတော့ ကြောက်ပြီးတော့ အိမ်တွေကို မီးမှိတ်သူမှိတ်၊ ကလေးတွေ ညကျူရှင်က ထွက်ပြေးလာ။ အဲလိုမျိုး ကြုံခဲ့ရပါတယ်”ဟု ပြောသည်။
နေရာ ၃ ခုမှ ၅ မိနစ်ကြာ ပစ်ဖောက်ခဲ့ခြင်းဖြစ်ပြီး ကျည်အလုံးရေ ၆ဝ နှင့်အထက် ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ရွာသားများက ပြောဆိုနေကြသည်။
အဆိုပါဖြစ်စဉ်ကြောင့် ပါဒလိတ်ကျေးရွာအနီးအနားနှင့် ကျေးရွာအတွင်း ထိခိုက်မှုစုံတစ်ရာမရှိခဲ့ဟု ရွာသားများက ပြောသည်။
ရွာသားတစ်ဦးက “ကျနော်တို့သိသလောက်တော့ ရွာထဲကိုပစ်တာတော့ မဟုတ်ပါဘူး။ မိုးပေါ်ကို ထောင်ပစ်တာပဲ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၉ နာရီအချိန်အထိ ဒေသအခြေအနေမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်ဟုလည်း သိရသည်။
ပါဒလိတ်ကျေးရွာအနီး အမှတ် (၂၃၂) တပ်ရင်းတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၁၉ ရက်မှ ၂၁ ရက်အထိ ၃ ရက်တိုင်တိုင် လက်နက်ငယ်များစမ်းသပ်ပစ်ခတ်ခဲ့ဖူးသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - စစ်တွေရှိ တပ်တွင်းတစ်နေရာအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ