တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် သဲခုံကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်အင်အားအများအပြားဖြင့်ဝင်ရောက်လာ၍ ရွာသားများ ရှောင်တိမ်းနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၂
ပေါက်တောမြို့နယ်၊ ဆံတော်ရှင်စေတီ တည်ရှိရာ အနောက်ဖရုံကာ ကျွန်းပေါ်ရှိ သဲခုံကျေးရွာသို့ စစ်ကောင်စီတပ်သားများ ယနေ့ နေ့လယ်က အင်အားအများအပြားဖြင့် ဝင်ရောက် စစ်ဆေးမှုများရှိနေ၍ ရွာသားများ ရှောင်တိမ်းနေရသည်ဟု ဒေသခံများကနိရဉ္စရာကို ပြောသည်။
ယနေ့ ဇူလိုင် ၅ ရက်နေ့တွင် စစ်တပ်ဇက်ရေယာဉ်ဖြင့် စစ်ကောင်စီတပ်သား အင်အား ၇၅ ဦးခန့် ရွာထဲကို ဝင်ရောက်လာသည့်အတွက် အမျိုးသား အများစုမှာ ရှောင်တိမ်းနေကြပြီး ကျန်ကျေးရွာရှိ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများမှာ ကြောက်လန့်နေကြကြောင်း သဲခုံကျေးရွာသူတစ်ဦးက ပြောသည်။
" နေ့လယ် ၂ နာရီလောက်မှာ ရောက်လာကြတာ။ ညနေလောက်က စစ်သားတွေ ရွာပြင်ထွက်သွားသေးတယ်။ အခု ရွာထဲကို အများကြီး ပြန်ဝင် လာကြတယ် သေနတ်တွေကိုင်ပြီး။ ရွာထဲက ယောက်ျားတွေကတော့ မရှိကြတော့ဘူး။ မိန်းမတွေပဲကျန်တယ်။ ကြောက်လို့ တုန်နေကြတယ်။ အရင်က အခုလိုတခါမှ မလာဖူးဘူးလေ" ဟု ပြောသည်။
အမျိုးသားတချို့ကို ခေါ်ယူစစ်ဆေးမှုများရှိခဲ့ပြီး ရွာထဲတွင်လှည့်လည် သွားလာမှုများရှိကြောင်း၊ ရေခူဒိုင် တစ်ခုကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးကပြောသည်။
" ခေါ်လို့မေးမြန်းတာလောက်တော့ရှိတယ်။ အဖမ်းအဆီးမရှိပေမယ့် ရွာသားတွေကတော့ ကြောက်ပြီး ရှောင်နေကြတယ်။ ဘာကြောင့် လာတယ် ဆိုတာ မသိရဘူး"ဟု ပြောသည်။
လက်ရှိတွင် ကျေးရွာသားများကို ဖမ်းဆီးမှုများမရှိသော်လည်း အေအေနှင့် နှစ်ဘက်စစ်ရေးတင်းမာနေချိန်တွင် အင်အားအများအပြားဖြင့် စစ်သားများ ဝင်ရောက်လာသည့်အတွက် စိုးရိမ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။ (NN-7)
(ဓာတ်ပုံ- ရခိုင်တွင် စစ်သားများနှင့် ရိက္ခာများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုနေသည့် ဇက်ရေယာဉ်တစ်စီးကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ